Wednesday, April 30, 2008

ကမ္ဘာကျော်သွားသော အပိုင်းစလေးများ

၁။ မနက်ဖြန် လုပ်လို့ဖြစ်သော အလုပ်များကို ဒီနေ့ဘယ်တော့မှ မလုပ်ပါနဲ့ ။

၂။ နေမင်းကြီးသည် အရှေ့ဘက်မှ ၀င်လာ၍ အနောက်ဘက်မှ ပြန်ထွက်သွား၏ ။

၃။ အရိပ်ပြသော် အကောင်မမြင် ၊ ( ချင်ယောင်ဆောင်နေပါ ) ၊ အကောင်ပြမှ ပိုက်၍ပြေးပါ ။

၎။ ရှေ့တိုးမည့် ဆင်နောက်တလှမ်း ဆုတ်တတ်၏ ၊ သို့သော် အနောက်မှာ မြောင်းရှိ ၊ မရှိတော့ အရင်ကြည့်ပါ ။

၅။ ၀ိရိယကို အလွန်အကျွံ စိုက်မထုတ်ပါနှင့် ၊ ၀ိရိယလွန် ကျွန်ဖြစ်တတ်၏ ။

Monday, April 28, 2008


ကွာခြားချက်...

ဆင်းရဲသားတွေ ဝက်မွေးတယ်၊ လူကုံထံတွေကျတော့ ခွေးမွေးတယ်။ ဆင်းရဲသားတွေ အိမ်မှာဟင်းသီးဟင်းရွက်စားတယ်၊ လူကုံထံတွေ ဟိုတယ်တက်ပြီး ဟင်းသီးဟင်းရွက်စားတယ်။ ဆင်းရဲသားတွေ လမ်းပေါ်မှာစက်ဘီးစီးတယ်၊ လူကုံထံတွေ ဧည့်ခန်းထဲမှာ စက်ဘီးစီးတယ်။ ဆင်းရဲတုန်း မင်္ဂလာဆောင်ချင်တယ်၊ ချမ်းသာတော့ လင်မယားတွေ ကွဲချင်တယ်။ ဆင်းရဲတုန်း မယားက secretary တာဝန်တွဲယူရတယ်၊ ချမ်းသာတော့ secretary က မယားတာဝန် တွဲယူရတယ်။ ဆင်းရဲတုန်း ချမ်းသာချင်ယောင်ဆောင်တယ်၊ ချမ်းသာတော့ ဆင်းရဲချင်ယောင်ဆောင်တယ်။

ဒီခေတ်ကြီးမှာ...

ဆင်းရဲသားတွေ အသားစားတယ်၊ လူကုံထံတွေပုစွန်စားတယ်၊ ပါတီခေါင်းဆောင်တွေကျတော့ အလကားရတာမှန်သမျှစားတယ်။ ယောက်ျားတွေမြင့်ချင်တယ်၊ မိန်းမတွေပိန်ချင်တယ်။ ခွေးတွေ အင်္ကျီဝတ်ကုန်ပြီး လူတွေကျတော့ ကိုယ်ပေါ်ကအသားတွေ ပေါ်နိုင်သလောက် ဖော်ကြချွတ်ကြတယ်။ အရင်တုန်းက မိန်းခလေးတွေများ အပျိုရည်မပျက်အောင်ထိန်းပြီး မင်္ဂလာဦးညအထိ လင်ယောက်ျားအတွက် ချန်ထားတတ်ကြတယ်၊ အခုတော့ ပထမဗိုက်ကိုသာ ယောက်ျားအတွက် ချန်ပေးကြတော့တယ်။ တောမှာ မနက်ဖက် ကြက်တွေက လူတွေကို ထဖို့ခေါ်တယ်၊ မြို့မှာတော့ ညဖက် လူတွေကကြက်ကို အိပ်ဖို့ခေါ်တယ်။ အရင်က သဘင်သည်တွေ အနုပညာရောင်းပြီး ကိုယ်ခန္ဓာမရောင်းဘူး၊ အခုခေတ် အနုပညာလောကထဲမှာ ခန္ဓာကိုယ်ပဲ ရောင်းနေကြပြီး ရောင်းစရာ အနုပညာမရှိဘူး။

အိုဘယ့် ယောက်ျား

အရည်အချင်းရှိရင် ရုပ်ဆိုးမယ်၊ ရုပ်ချောရင် ငွေမရှာတတ်ဘူး၊ ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကို အလေးမထားပြန်ဘူး၊ အိမ်ထောင်ရေးပိုင်းမှာ ဖိစီးပြန်ရင် တခြားကိစ္စမှာ မဖြစ်ထွန်းဘူး၊ အရာရာ ဖြစ်ထွန်းအောင်မြင်တယ် ဆိုတဲ့လူမျိုးကျတော့ အနုအရွလေးတွေနဲ့ ရိုမက်တစ်မဆန်တတ်ပြန်ဘူး၊ အီစီကလီကျွမ်းကျင်ပြီး ရိုမက်တစ်ဆန်တတ်ပြန်တော့ စိတ်ချအားကိုးလို့ရဘူး၊ အားကိုးရတဲ့ လူမျိုးကျတော့ ခိုင်းစားလို့ရရုံကလွဲပြီး ဘိုသီပတ်သီနဲ့ အပေအတေတစ်ယောက်လိုနေမယ်။

အိုဘယ့် မိန်းမ

ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း၊ ချက်တာပြုတ်တာ ကျွမ်းကျင်တော့ မနူးညံ့ပြန်၊ နူးညံ့နွဲ့နှောင်းတော့ ကိုယ်ပိုင်အတွေးအခေါ်က မရှိ၊ ကိုယ်ပိုင်အတွေးရှိတာကျတော့ ယောက်ျားဆန်၊ မိန်းမပီပီနေတော့ အသုံးအဖြုန်းကကြီး၊ ချွေတာစုဆောင်း တတ်တာကျတော့ ခေတ်ရေစီးကို လိုက်မမှီ၊ ခေတ်မှီတာကျတော့ စိတ်မချရ၊ စိတ်ချရတာကျတော့ ဘယ်လိုမှ ကြည့်လို့မလှပြန်။

မယားက တီဗွီ၊ အငယ်အနှောင်းတွေက ဟန်းဖုန်း...

အိမ်မှာဆိုတီဗွီကြည့်မယ်၊ အပြင်ထွက်ရင် ဟန်းဖုန်းလေးနဲ့။
ဘိုင်ပြတ်ရင်တီဗွီထုတ်ရောင်းမယ်၊ ငွေရွှင်ရင် ဟန်းဖုန်းတလုံးပြီးတလုံးလဲမယ်။
ကြာကြာမှတခါ တီဗွီကြည့်မယ်၊ တနေကုန်ဟန်းဖုန်းနဲ့အလုပ်ရှုပ်မယ်။
တီဗွီက တသက်လုံး အခမဲ့ကြည့်လို့ရပြီး၊ ဟန်းဖုန်းကျတော့ အကြွေးတင်တာနဲ့ သုံးမရတော့ဘူး။

ပါးနပ်တဲ့ယောက်ျားနဲ့ ဥာဏ်ရှိတဲ့မိန်းမတွေ့ရင် ရိုမက်တစ်ဆန်တဲ့ အချစ်မျိုး ဖြစ်လာနိုင်တယ်။ ပါးနပ်တဲ့ယောက်ျားနဲ့ အူတူတူမိန်းမနဲ့ဆိုရင် တိတ်တိတ်ပုန်းအချစ်တွေ ဖြစ်လာနိုင်တယ်။ ဥာဏ်ရှိတဲ့မိန်းမနဲ့ တုံးအတဲ့ယောက်ျားတွေ့ရင်တော့ အိမ်ထောင်ပြုသွားနိုင်မယ်။ ယောက်ျားရော မိန်းမပါ ငထုံငအတွေ ဆိုရင်တော့ ကိုယ်ဝန်ရသွားနိုင်ပါတယ် တဲ့၊ ဘာပြောရမလဲ မသိတော့ဘူးရယ်။
--
မိန်းမတွေဟာ အနာဂတ်အတွက်စိတ်ပူကြတာ ယောက်ျားရသွားတဲ့အထိပဲ။
ယောက်ျားတွေကျတော့ မိန်းမ မရမချင်း အနာဂတ်ဆိုတာကို ခေါင်းထဲမထည့်ကြဘူး။
အောင်မြင်တဲ့ယောက်ျားဆိုတာ သူ့မိန်းမသုံးဖြုန်းတာထက် ပိုရှာနိုင်တဲ့လူကိုခေါ်တာ။
အောင်မြင်တဲ့မိန်းမကျတော့ အဲသလိုယောက်ျားမျိုးရှာနိုင်သူကို ခေါ်တာတဲ့။
--
မှတ်သားစရာတွေပါလားကွယ်။

Sunday, April 27, 2008

တစ်ယောက်တည်းကျတဲ့ သင်္ကြန်

စိတ်ချဉ်ပေါက်ပေါက်နဲ့
အခန်းရှေ့ လာရပ်တဲ့ သင်္ကြန်ကို
ခွက်စောင်းနဲ့ ခုတ်မိတော့မယ်
ပူလွယ်ကျွမ်းလွယ် ခပ်ဆွေးဆွေး နေရာတခုဆီမှာ။

တူးပို့ တူးပို့ ကြားရုံနဲ့
စိတ်တလှပ်လှပ် မြူးလို့ ကြွလို့
ဘယ်အချိန်ကတည်းက အောင်းဝင်နေတဲ့ အညှို့ဓာတ်လဲ
ရေစက်ရေပေါက်တွေ ဆာတယ်။

ပျင်းခြောက်ခြောက်
ဆေးလိပ်ပဲ နင်းကန်ဖွာ
မုန့်လုံးရေပေါ်လဲ မစားရဘူး
ရေစိုအပျိုတွေလည်း မငေးရဘူး
ပိတောက်ပွင့်တွေ ဆာတယ်။

တစ်ယောက်တည်း
သင်္ကြန်ကို တိုးတိုးတိတ်တိတ်
လှောင်ကန်ထဲက ငါးတွေရဲ့ ဖြေဆေးတစ်ခွက်
ငတ်ပြတ်နေတဲ့ အပျော်တွေရဲ့ ထွက်ပေါက်တစ်ပေါက်
ယဉ်ကျေးမှုမျက်ရည်တွေရဲ့ ကပွဲတစ်ပွဲ
ငါ…အသက် တစ်နှစ် ကြီးပြီလား
တကယ် မရလိုက်တဲ့ အနှစ် တနှစ်ကိုပဲ ဆာတယ်…။

Thursday, March 20, 2008

အောက်ပါ မေးခွန်းများအား ဖြေဆိုပါ။


မေးခွန်း (၁)

စကြာဝရာ အတွင်းမှ ကြယ်တစ်စင်း၏ အလင်းသည် ကမ္ဘာမြေပေါ်သို့ ရောက်ရှိဖို့ နှစ်ပေါင်း (၁)သိန်း သို့မဟုတ် နှစ်ပေါင်း (၁)သန်း ကြာမြင့်ပါသည်…။ ထိုသို့ဆိုလျှင် သင်၏ သင့်ချစ်သူအပေါ် ထားရှိသော စစ်မှန်သည့် မေတ္တာတရား တစ်ခုသည် သင့်ချစ်သူ၏ ရင်ခွင်အတွင်းသို့ ရောက်ရှိဖို့ အချိန်မည်မျှ ကြာမည်ဟု သင်ထင်ပါနည်း….။

အဖြေ။ ။

မေးခွန်း (၂)

ထိုကြယ်တစ်စင်း၏ အလင်းသည် ကမ္ဘာမြေပေါ်သို့ မည်သည့် ကြားခံဒြပ်ထုမှ မရှိဘဲ လေဟာနယ် ကို ဖြတ်၍ ကမ္ဘာမြေပေါ်သို့ ကျရောက်နိုင်ပါသည်…။ သို့သော် အဘယ်ကြောင့် မေတ္တာတရား ဟူသော အလင်းတန်း တစ်ခုသည် ခံစားတတ်မှု၊ တန်ဖိုးထားမှု၊ မြတ်နိုးမှု ဟူသော ကြားခံ (Media) ပေါင်းများစွာ ထားရှိသော်လည်း ထွန်းလင်းစေလိုသော ရင်ခွင်တစ်ခုတွင် မထွန်းလင်းနိုင် ပါသနည်း…။

အဖြေ။ ။

မေးခွန်း (၃)

ကမ္ဘာမြေ၏ ဆွဲအားသည် လူသန်းပေါင်းများစွာအား လည်းကောင်း၊ အရာဝတ္ထုပေါင်းများစွာအား လည်းကောင်း…နောက်ဆုံး ကမ္ဘာမှ လွန်စွာဝေးကွာသော အာကာသ စကြာဝရာအတွင်း တည်ရှိသော လ ကိုပင်ဆွဲငင် နိုင်စွမ်းရှိသော်လည်း…။ သင့်အား စွန့်ခွာပြီးထွက်သွားသော သင့်ချစ်သူ၏ ခြေလှမ်းများအား အဘယ့်ကြောင့် မဆွဲငင်နိုင်သနည်း….။

အဖြေ။ ။

မေးခွန်း (၄)

အလွန်ပြင်းထန်၍ အားကောင်းသောအသံများကို ရေဒါများဖြင့် ဖမ်းယူနားထောင်ရပါသည်..။ အကြောင်းမှာ ၎င်းအသံများအား သာမန်နားများဖြင့် မကြားနိုင်သောကြောင့် ဖြစ်ပါသည်..။ ထိုသို့ဆိုလျှင် သင်၏ နုလုံးသားအတွင်း၌ ဖြစ်တည်သော သာမန်နားများဖြင့် မကြားနိုင်သော ရင်ခုန်သံများအား သင့်ချစ်သူ ကြားနိုင်စေရန် သို့မဟုတ် နားလည်နိုင်စေရန် မည်သည့်အရာဖြင့် ဖမ်းယူစေသင့်သနည်း…။

အဖြေ။ ။

မေးခွန်း (၅)

သာမန် မျက်စိများဖြင့်ထိုးဖောက်ရွေ့ မမြင်နိုင်သော အရာများအား X-Ray ရောင်ခြည် များဖြင့် ထိုးဖေါက်၍ မြင်သိစေနိုင်ပါသည်…။ ထိုသို့ဆိုလျှင် သင့်ရင်ဘတ်၏ အနက်ရှိုင်းဆုံး နေရာတွင် တည်ရှိနေသော ခံစားချက်များအား သင့်ချစ်သူ မြင်တွေ့ သိရှိနိုင်စေရန် ၎င်း၏မျက်ဝန်းများ၌ မည်သည့် ရောင်ခြည်အမျိုး အစားအား တပ်ဆင် အသုံးပြုသင့်သနည်း…။

အဖြေ။ ။

မေးခွန်း (၆)

ကမ္ဘာကျော် အိုင်းစတိုင်း၏ (Relativity Theory) ဆိုသည့် နိုင်းရသီအိုရီ အတွက်အဓိကအကျဆုံးနှင့် အနှစ်ချုပ် ဖြစ်သော Formula ဖြစ်သည့် E=mc2 အား ကျွန်ုပ်သည် အောက်ပါအတိုင်း သတ်မှတ်ပါက သင်မည်သို့ ဝေဖန်သုံးသပ်၊ အကြံပေး လိုပါသနည်း…။

{Emotion=Misery*(Confusion)2 }

အဖြေ။ ။

မေးခွန်း (၇)

Newton ၏ သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိသည်ဆိုသော ပုံသေနည်းမှန်သည် ဆိုပါက အဘယ့်ကြောင့် သင်၏ သင့်ချစ်သူအပေါ်ထားရှိသော တန်ဖိုးထားမှု၊ မေတ္တာတရား၊ နားလည်မှု၊ သစ္စာတရားနှင့် မြတ်နိုးမှုများသည်… သင်ပေးလိုက်သည့်အတိုင်း သင့်ထံသို့ ပြန်လည် မသက်ရောက်သနည်း။

အဖြေ။ ။

မေးခွန်း (၈)

လွမ်းဆွတ်ခြင်းဆိုသော နေရောင်ခြည်နှင့် တမ်းတခြင်းဆိုသော အပူရှိန်များကြောင့် ခံစားချက်ဆို သော မျက်ရည်များ အငွေ့ပြန်သည့်အခါ သတိရခြင်းတိမ်တိုက်များကို ဖြစ်ပေါ်စေပါတယ်…။ ၎င်း တိမ်တိုက်များသည် အချိန်ဆိုသော အေးခဲစေသည့် ဓာတ်သဘာဝများနှင့် ထိတွေ့သောအခါ ပြန်လည်ငွေ့ရည်ဖွဲ့ကာ မျက်ရည်မိုးများ အဖြစ် ပြန်လည်ရွာချသည် ဆိုသော နောက်ဆုံးပေါ်ပေါက်လာသည့် မျက်ရည်သံသရာ (Tears Cycle) ကိုသင်မည်သို့ ယူဆပါသနည်း…။

အဖြေ။ ။

မေးခွန်း (၉)

ကမ္ဘာပေါ်တွင် အရာဝတ္ထုများအတွက် အတိုင်းအတာ၊ ပမာဏ သတ်မှတ်ချက်များ အသီးသီးစီ ရှိကြသည်။ ထိုသို့ဆိုလျှင် သင်၏ သင့်ချစ်သူအပေါ်ထားရှိသော မျှော်လင့်ချက် တစ်စုံတစ်ခု၏ အတိုင်းအတာ သို့မဟုတ် ပမာဏ တစ်ခုအား တိုင်းတာရန် သတ်မှတ်ချက် Unit တစ်ခုလည်း လိုအပ်မည် ဖြစ်သည်။ ထိုသို့တိုင်းတာရန် အတွက် မည်သည့်အရာအား Unit အဖြစ် အသုံးပြုလျှင် သင့်တော်မည်ဟု သင်ယူဆပါသနည်း…။

အဖြေ။ ။

မေးခွန်း (၁၀)

သင်သည် ကမ္ဘာပေါ်ရှိ အလွန်ခက်ခဲသော မေးခွန်းများ၊ ပုံသေနည်းများနှင့် သီအိုရီများကို ကျွမ်းကျင် ကြေညက်စွာ နားလည်နိုင်စွမ်းရှိသော်လည်း အဘယ့်ကြောင့် သင့်အားစွန့်ခွာသွားသော သင့်ချစ်သူ ပြောခဲ့သည့် “နားလည်ပေးပါ” ဆိုသော အလွန်ရိုးရှင်းသည့် စကားတစ်ခွန်းအား နားလည်နိုင်စွမ်း မရှိပါသနည်း။

အဖြေ။ ။
p.s - မေးခွန်းများရဲ့ အဖြေများအတွက် လွတ်လပ်စွာ သဘောထားကွဲလွဲ နိုင်ပါသည်။

Friday, February 29, 2008

ဒါကိုမဖတ်ပါနဲ့

ဒါကိုမဖတ်ပါနဲ့

တို့ ကြိုပြောထားမယ်နော် ....

ဒါကို မဖတ်ပါနဲ့လို့ .....

မင်း အစက

ကျော်သွားမလို့ပဲ မဟုတ်လား .....

ဘာလို့လာပြီး ဖတ်နေတာလဲ .....

တော်တော့လေဗျာ

ဆက်ဖတ်နေရင်

သက်သက်အချိန်ကုန်တာပဲရှိမယ်

ဒီမှာတင်ရပ်မယ်ဆိုရင်

မင်း အချိန်ကုန်သက်သာမယ် ....

ဘယ်လိုလဲ ........

မတော်သေးဘူးလား .........

အခုဆိုရင်တစ်ဝက်နီးပါးတောင်ရောက်နေပြီ

မင်း ဆက်ဖတ်နေတုန်းပါလား............

တို့သိတယ်နော်..............

မင်းမဖတ်ဘဲ မနေနိုင်တော့ပါဘူး ......

ဘယ်လို.........နေနိုင်တယ် ဟုတ်လား ......

မနေနိုင်ပါဘူးတွေ့လား ..........

မင်း မှန်တယ် ..........

ဒါ ဆက်ဖတ်လို့

ဘာထူးလာမယ်ထင်လဲ. ..............

ဘာမှမထူးပါဘူး .............

နောက်ထပ်နည်းနည်းလေးဘဲ ကျန်တော့တယ် .........

မင်းကိုယ်ကိုယ်ကို

ထိန်းနိုင်တဲ့ စွမ်းအားရှိကြောင်း

ပြတဲ့အနေနဲ့ ရပ်လိုက်စမ်းပါ ....

မရပ်နိုင်ဘူးကြည့်

နောက်ဆုံး စာလုံးအထိရောက်အောင်

အချိန်ကုန်ခံဖတ်ပြီးမှရပ်မှာ

ဟုတ်တယ် မဟုတ်လား .........

စိတ်မကောင်း မဖြစ်ပါနဲ့ဗျာ .............

လူတိုင်း ဒီလိုပါပဲ ...............
ဟဲ ဟဲ ဟဲ ဟုတ်တယ်ဟုတ

Tuesday, February 26, 2008

ကျွန်ုပ်၏ မိဖုရား

တကယ်တော့ ကျွန်တော်ဟာ သူမကို မိဖုရားအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပြီး လက်တွေ့ဖြစ်လာသည်မှာတော့ သူမသည် ကျွန်တော်၏ ဘုရင်မဖြစ်ခဲ့ပါသည်။
ကျွန်ုပ်၏ သူမအပေါ် ချစ်မြတ်နိုးစွာ ပိုင်ဆိုင်လိုသော ရယူလိုမှုများသည် သူမအား စိတ်ချမ်းသာစေခြင်း ဟူသော ပေးစပ်မှုများသာ ဖြစ်လာခဲ့သည်။

ကျွန်ုပ်၏ တမ်းတခြင်းများကို သူမစိုးမိုးခဲ့လေပြီ...
ကျွန်ုပ်၏ သတိရခြင်းများကို သူမတစ်ဦးတည်းသာ ပိုင်ဆိုင်ခဲ့လေပြီ...
ကျွန်ုပ်၏ ချစ်မြတ်နိုးတတ်ခြင်းများတို့ကို သူမကသာ သိမ်းပိုက် ရယူခဲ့လေပြီ...
ကျွန်ုပ်၏ အိမ်မက်များတွင် သူမ အမြဲတစေ စိုးမိုးခဲ့လေပြီ...

ဒါပေမယ့် ကောင်မလေးရယ်...
ယောင်္ကျားတစ်ယောက်ရဲ့ လက်ကျန်မာနလေးနဲ့ မင်းရှေ့မှာ ဒူးထောက်ခစားခြင်းကိုတော့ ငါလျစ်လျှုရှုပါရစေကွာ...

ညစောင့်


မထူးဇာတ် ခင်းပြီး ကုန်းကြောင်းပဲ လျှောက်ပြန်လာခဲ့တယ်။ မျက်နှာ မသစ်ရသေးတဲ့ မနက်ခင်းဟာ လင်းလင်းမှောင် နေတယ်။ ငါ့ရှေ့က အသဲကွဲရောင် ထနေတဲ့ မျဉ်းကြားနဲ့၊ ဖြူမိုင်းနေတဲ့ ငါ့ရာဘာဖိနပ်ဟာ လမ်းမနဲ့ မလိုက်ဖက်ဘူး။ ငါးဖယ်တစ်ကောင်ကို အုန်းပင်ပေါ် ပစ်တင်ထားသလိုပဲ။ သောက်ရေးထဲ ဓါတ်မီးက ပြုတ်ကျသေးတယ်။ လူ ခလုတ်တိုက် လဲလို့ နှဖူးကွဲချင်ကွဲ၊ ကိစ္စမရှိဘူး။ ဒီ ဓါတ်မီး ကွဲသွားလို့ကတော့ သုံးရက်စာ ထမင်း မစားနဲ့တော့ဟေ့။

ဟပ်ထိုးဆွဲနေတဲ့ ခွေးဝဲစားကို ပိတ်ကန်လိုက်တော့ ဂိန် တဲ့။ ဘ၀မှာ ဂိန်လို့တောင် မအော်နိုင်ရှာဘဲ ပိတ်ကန် ခံလိုက်ရတဲ့ သူတွေ ဘယ်လောက်များ ရှိခဲ့ကြပြီလဲ။ အကန် ခံထားရသလား မခံထားရလား ကိုယ့်ဟာကိုယ် မသေချာလို့ ကိုယ့်ကျော ကိုယ်ပြန် စမ်းကြည့်တော့ နဲနဲ အောင့်နေသလိုလို ခံစားရပြန်တယ်။ ဆိုရှယ်လစ် ခေတ်မှာ ကလေး ဖြစ်ခဲ့တော့ ဓါတ်တိုင်က မီးသီးကို လောက်လေးနဲ့ ပစ်ခွဲချင်စိတ်က တခါတလေ ပေါ်လာ တတ်သေးတယ်။

မောင်ဝဲစားက ဂိန် ဂိန် ဂိန် ဂိန်နဲ့ ထပ်ကာ ထပ်ကာ အော်နေတော့ နှစ်ထပ်တိုက် အပေါ်ခန်းက မီးပွင့်လာပြီး ပြူတင်းပေါက်ကို လူတစ်ယောက်က တွန်းဖွင့်လိုက်တယ်။ အလင်းနောက်ခံနဲ့ အမှောင်ရိပ်က အိပ်ချင်မူးတူး အသံနဲ့ ခွေးမသားလို့ ဆဲတယ်။ ခွေးကို ခွေးမသားလို့ ပြောတာဟာ ဆဲတာတော့ မဟုတ်လောက်ပါဘူး ထင်ပါတယ်။ လူကို လူမသားလို့ အသိ အမှတ် ပြုမဲ့ လူတွေ မရှိတာကတော့ ရင်နာဖို့ကောင်းတယ်။

အိပ်ကောင်းချင်းနဲ့ အိပ်ပျော်နေတဲ့ သူကို လမ်းပေါ်မှာ အိမ်ကို လမ်းလျှောက် ပြန်နေတဲ့ သူက နှိုးလိုက်မိတာ အပြစ်ရှိလား။ ပဲပြုတ်... တဲ့။ ၀ယ်မစားနိုင် ခဲ့တာတောင် ကြာပြီ။ ပဲပြုတ်သည်ကိုပဲ ချောင်းရိုက်ပြီး ခိုးစားရမလား... ငါ့ အမေခမျာ တော်တော်စားချင်နေ ရှာတယ်။ လူက မပြည့်စုံတော့ ကိုယ်ကျင့်တရားဆိုတာ ဘယ်နားနေမှန်း မသိတော့ဘူး။ အူမ တောင့်မှ သီလစောင့်နိုင်တယ် ဆိုတော့ တစ်ခါက ငါးခြောက်ခိုးစားနေတုန်း သူ့ကို ဓားနဲ့ ပစ်လိုက်လို့ အမှီးပြတ်နေတဲ့ ရွှေတိုးက ညောင်... တဲ့။ သူကတော့ သူတော်ကြောင် ဖြစ်မယ်။

အိပ်ပြန်ရောက်ရင် ထမင်းအိုးထဲမှာ ထမင်းကြမ်းခဲ တစ်ခဲရှိမယ်။ ကြောင်အိမ်လေးထဲမှာ ကြက်သွန်နီ တစ်ဥရှိမယ်။ တခါတရံမှာ ဟိုတယ်ကြီးရဲ့ နောက်ဖေးမှာ အသားတုံးတွေ မကုန်လို့ ပစ်ထားတာတွေကို ပြန်ပြန် မြင်မိတယ်။ သစ်ကိုင်းချောက်က ချွတ်ခနဲ အသံ မြည်တယ်။ ငါ့မျက်စိကို ငါ ပွတ်လိုက်တယ်။ သူတို့ များများစားရဖို့ ငါတို့ လျှော့စားနေ ရတာပါလား။

ကတ္တရာလမ်းက မဆုံးသလို ငါ့ဘ၀လည်း ဘယ်တော့မှ ဆုံးမယ်မသိ...။ လမ်းရှည်တိုင်း ဆက်ဆက်လျှောက်တော့ ဖိနပ်ပါးတယ်။ ငါလည်း ဖိနပ်နဲ့ အတူ ပါးလာခဲ့ပြီ။ တခါက ကောင်လေး တစ်ယောက်ကို မိတယ်။ သူ့ခမျာ စက်ရုံ ၀င်းဒေါင့်က သံချေးတက်နေတဲ့ ပီပါခွံလေးကို လာခိုးတာပါ။ အဲဒါမတိုင်ခင် တစ်ပတ်က သန့်ရှင်းရေး ဦးဝတုတ်ကြီးက မန်နေဂျာ ကို မေးတယ်။ အဲဒီပီပါ မသုံးတော့ဘူးလားဆိုတော့၊ အင်း... မသုံးတော့ဘူး။ အဟောင်း ၀ယ်တဲ့သူလာရင် ရောင်းလိုက်၊ ပြီးရင် ကုမ္ပဏီ ငွေစာရင်းထဲ ထည့်ဖို့ သူ့ဆီ လာပေးလိုက်ပါတဲ့...။

ဟားဟား၊ နေမြင့်လေ အရူးရင့်လေ ဆိုတာ ငါမဟုတ်ဘူး။ ငါက ရေတစ်ခွက် သောက်ရင် ၀ပါတယ်။ အုန်းပင်ပေါ်က ငါးဖယ် တစ်ကောင် လိုပါပဲ။ အဲလောက် ခိုးစားတတ်မှ လောကမှာ တော်ကာ ကျမှာကိုး...။ အဲဒီ ပီပါကို လာခိုးတဲ့ ကောင်လေးကို ငါ လွှတ်ပေးလိုက်ပါတယ်။ နတ်လူ သာဓု မခေါ်ဘူး၊ သူခိုးအားပေး ခေါ်တာပေါ့။ သူခိုးကြီးကို အားမပေးဘဲ သူခိုးလေးကိုသာ အားပေးတဲ့ အတွက် ငါ့ကိုယ်ငါသာ သာဓု နှစ်ခါတိတိ ခေါ်လိုက်ပါတယ်။ နောက်တစ်ခါကို သမိုင်းက ခေါ်ပါလိမ့်မယ်။

ပလက်ဖောင်း လမ်းရဲ့ မြောင်းခင်း ကျောက်ပြားတွေဟာ အပေါက် အပက်တွေ ချည်းပါပဲလား။ လမ်းအလယ် ဆင်းလျှောက်တာဟာ ခြေဗလာဆို အခုချိန် တော်တော် နွေးမယ်။ လောလောဆယ်တော့ ရာဘာ ဖိနပ်ကလေးနဲ့ပေါ့။ တွေးရင်း ငေးရင်းနဲ့ လူဟာ မွဲသွားလိုက် ခြောက်သွားလိုက်နဲ့၊ ဖိနပ်ဟာလည်း ကတ္တရာ မပြည့်တပြည့် လမ်းကို ကတုန်းကတိုက် လုပ်နေတယ်။ လမ်းချိုးရောက်တော့ ကွေ့ တက်လာတဲ့။ ကားသံကို အနားကပ်မှ ကြားမိတယ်။ ထရပ်ကားထင်ပါရဲ့။ ရှေ့မီးတွေက စူးပြီးတော့ လှလိုက်တာ...။ ဒီတစ်ခါမှ အိမ် အစစ်အမှန်ကို ပြန်ရောက်တော့မယ် ထင်မိတယ်။

Tuesday, February 19, 2008

ဖိအားပေးပြုပြင်မှုမျိုးသာမရှိရင် စိန်ဆိုတာ ကျောက်မီးသွေးဘ၀မှာပဲရှိနေလိမ့်မယ်။

Sunday, February 17, 2008

Open MySelf

ပုံပန်းသဏ္ဍာန်..

ရုပ်အဆင်းကတော့ ကိုလွင်မိုးပေါ့.. (ဘယ်သူလည်းကွ ချောင်းအတုဆိုးပြီး သီးသွားတာ)
နဖူးက နောက်ဆယ်နှစ်လောက်ဆို သေချာပေါက် ပညာရှိနဖူး ဖြစ်မဲ့လက္ခဏာရှိတယ်.. (အဟမ်း အဟမ်း.)
မျက်ခုံးက ဖြောင့်ဖြောင့်တန်းတန်း.. (ဆိုင်မှာပြင်ထားတာလားဟင် လို့တောင် မေးတဲ့လူရှိတယ်.. တကယ်.. )
မျက်လုံးက တော့ ညာမပြောဘူး သေချာကြည့်ရင် အမိုက်ဆုံးပဲ.. (စူးစူးစိုက်စိုက်ကြည့်ရင် တော်ယုံကောင်မလေးတွေ ရင်ဆိုင်ပြန်မကြည့်ရဲဘူး.. ဟင်း ဟင်း ဟင်း ဟင်း)
နှခေါင်းက စလိုးဒေါင်း တပ်ထားတယ်.. (တချို့ကပြောတယ် လှပစွာ ကိုင်းညွှတ်နေသတဲ့ ခွီ)
အရပ်က သပ်သပ်ရပ်ရပ် ရှိယုံ မမြင့် မနိမ့် (အဲ.. နည်းနည်းတော့နိမ့် ဟဲ)
အသားအရေကတော့ ချောမွေ့လှပ စိမ်းစိမ်းစိုစို အို.. ရွှေမှုန်တွေစား မွေးထားသလားထင်ရတယ် (အဟတ် အမှန်တိုင်းပြောရတာ ရှက်လိုက်တာ)
ဘော်ဒီကတော့ အမေမွှေးကတည်း က ပိန်ပိန်ပါးပါး လှပြီးသား (ကဲကဲ ဟုတ်ပါတယ် ၀ါးခြမ်းပြားပါ တကထဲ သူများလှတာ မနာလိုတဲ့သူတွေက ရှိသေးတယ်)

စိတ်ဓါတ်လား အင်း.. ကြွပ်ကြွပ်ဆတ်ဆတ်နဲ့ ပျော့ညံ့တယ်.. (အမ် ဘယ်လိုကြီးတုန်း)..
ဟဲဟဲ အပေါ်က ပုံပန်းသဏ္ဍာန် အကြောင်းရေးထားတာ ဖတ်ရင် သိသာပါတယ်..
ကပျက်ကရှော်. ဗရုတ်သုတ်ခ. နောက်တီးနောက်တောက်. စတဲ့ စိတ်ကလေးတွေ ရှိသော်လည်း…
ဟိုးရှေးရှေးတုန်းကရော အခုရော ကမ္ဘာပေါ်မှာ အလွန်တရာ မက အလွန်တထောင် တော်တဲ့သူရှိသတဲ့.. အဲ့ဒါ ငါပဲ လို့ ပြောမဲ့ကောင်မျိုး (ဟယ် အရှက်နည်းတာတော်)..
စကားများများ မပြောဘူး လုံးဝနီးပါးမပြောတာ သိတယ်မလား အဲ့ဒါ ပညာရှိတွေရဲ့ ကြင်အင် လက္ခဏာပေါ့ (မူးမှပြောတာ :P)
မမြဲခြင်းတရားကို အမြဲဆင်ခြင်နေတဲ့လူဆိုတော့ မနက်ဖြန် ငါသေရင်သေမှာ ဆိုပြီး ဒီနေ့ရှိတဲ့ပိုက်ဆံကို မကုန်ကုန်အောင်သုံးတယ်.. အကြွေးသာရမယ် ဆိုလို့ကတော့ ဘာမှအသုံးမလိုတဲ့ ဆင်ကိုတောင် ၀ယ်ပြီး အိမ်အောက်မှာ ကြိုးချည်ထားလိုက်ဦးမယ်. (ဟို ဆင်ဂါဘူ ဘဏ် တတိထား ဘူးထွား ဟား ဟား :P)

ဟဲ ဟဲ စတာပါဗျာ ပေါ့ပေါ့ပါးပါးပဲ ထားခဲ့ချင်လို့ပါ အမှန်တော့ အဲ့ဒီအရေချင်းတွေ အားလုံးဟာ ရှော့ရှော့ပေါ့ပေါ့ ပြောခဲ့မိတယ် ဆိုတာ ၀န်ခံပါတယ် ( ငှဲလျောင်း ငှဲလျောင်း… )
ဟုတ်ကဲ့ အားလုံးကို ကျေးဇူးတင်ပါတယ် (ခေါင်းလေးငုံ့၍ စင်ပေါ်မှ ဆရာကြီး ပုံစံနှင့်ပြောကာ နုတ်ဆက် နောက် ငိုက်စိုက် ငိုက်စိုက်နှင့် ဆင်းသွား)

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ရွှီ…. (ပရိတ်သတ်များ၏ လက်ခုပ်သံများ)
အခုတလော ကျွန်တော် သိပ်ကံမကောင်းပါ။ အိမ်နှင့်လည်း အဆင်မပြေပါ။ လောလောဆယ်တွင် ကျွန်တော် ကိုယ်ပိုင်အိမ်လေး တစ်အိမ် လိုချင်မိသည်။ ကောင်းရန် မလိုပါ။ ဇိမ်ခံပစ္စည်းများ မလိုပါ။ ညဘက် အိပ်စက်ရန်နှင့် ခြေခင်းလက်သာ ရှိရန်သာ ဖြစ်သည်။ ဒီနိုင်ငံမှာတော့ ကိုယ့်ဝင်ငွေနဲ့ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ကား ၀ယ်နိုင်တော့မည် မထင်ပေ။ လူဖြစ်လာတာ ကံဆိုးသည်။ ထိုအထဲမှာမှ ဒီခေတ်ကာလကြီးမှာ ဒီနိုင်ငံထဲ လာဖြစ်တာ ပိုဆိုးသေးသည်။ စိတ်ညစ်သည်။ လူ့ဘ၀မှာ မရှိတာထက် မသိတာခက် ဆိုသော စကား အလွန်မှန်သည်။ ကိုယ့်လမ်း ကိုယ်သွားတာ အကောင်းဆုံး ဖြစ်သည်။ ဒါမှမဟုတ် သူများသွားနေသော လမ်းကို လိုက်လျှင်လည်း ရပါသည်။ ဒါပေမယ့် ကိုယ်သယ်လာသည့် ထင်းစည်း သူများကို မတိုက်မိစေဖို့တော့ ဂရုပြုသင့်သည်။ စိတ်ညစ်နေချိန်တွင် ဘယ်အရာမှ ခေါင်းထဲကို မသွင်းနိုင်ပါ။ အဝေးကို ပြေးထွက်သွားချင်သည်။ ဖီးနစ်ငှက်တစ်ကောင်လို မီးထဲမှ ပြန်နိုးထနိုင်ဖို့လည်း စိတ်ဓာတ်ခွန်အား မွေးမြူရဦးမည်။

Friday, February 15, 2008

၁။ ပျမ်းမျှ ဂျပန်နိုင်ငံသူ တစ်ယောက်ရဲ့ သက်တမ်းဟာ ၈၄ နှစ် ရှိနေပေမယ့် ဘော့ဆွာနာနိုင်ငံသား တစ်ယောက်အတွက်တော့ ၃၉ နှစ်က ဘ၀ရဲ့ နိဂုံးအချိန်ပါ။

၂။ အ၀လွန်ရောဂါ ခံစားနေရသူရဲ့ သုံးပုံတစ်ပုံက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေနေကြပါတယ်။

၃။ ကမ္ဘာပေါ်မှာ သေဒဏ်ပေးခဲ့တဲ့ Case တွေရဲ့ ၈၁ ရာခိုင်နှုန်းဟာ တရုတ်၊ အီရန် နဲ့ အမေရိကန်မှာ ဖြစ်ခဲ့ပါတယ်။

၎။ ဗြိတိန်က Supermarket တွေက ဗြိတိန်အစိုးရထက် သူ့တို့ရဲ့ ၀ယ်ယူသူ ဖောက်သည်တွေကို ပိုနားလည်ကြတယ်။

၅။ ဥရောပသမဂ္ဂမှာ နွားတစ်ကောင်အတွက် တစ်ရက်ထောက်ပံ့ငွေဟာ ၂ ဒေါ်လာခွဲပါ။ အဲ့ဒီငွေကြေးပမာဏဟာ ၇၅ ရာခိုင်နှုန်းသော အာဖရိက တိုက်သားတွေ တစ်ရက်သုံးစွဲနိုင်တဲ့ ပမာဏ ထက် ပိုနေပါတယ်။

၆။ နိုင်ငံ ၇၀ ကျော်မှာ လိင်တူ လက်ထပ်မှုဟာ တရားမ၀င်ပါဘူး။ ကိုးနိုင်ငံမှာတော့ ပြစ်ဒဏ်ဟာ သေဒဏ်ပါ။

၇။ လူ ၅ယောက်တိုင်းမှာ ၁ယောက်က ၁ရက်ကို ၁ဒေါ်လာထက်နည်းတဲ့ ငွေကြေးနဲ့ ရှင်သန်နေတယ်။
တယောက်ထဲ ည..

အ၀င်သက်သာစရာ
မလိုပါဘူး..
မူးပြီးရောဆိုတဲ့
အလျော့ပေးမှုနဲ့
လက်ထဲက ဟန်နက်စီခွက်ကို
ပက်ကနဲမော့လိုက်တာ မဟုတ်ဘူး..။

သတ္တ၀ါအားလုံး ရွှင်လန်း
ကျမ်းမာ ချမ်းသာစေချင်တဲ့လူပါ..
ဇိမ်ခံချင်တဲ့သဘာဝဟာ
ဖုန်တက်နေတာကြာခဲ့ပြီ
ဒီဂရီလဲပြင်း အထက်တန်းလဲကျ
မျိုချရတာလဲ
အပျိုရည်ပျက်တဲ့ညလို မဟုတ်တဲ့
ဟန်နက်စီတခွက်နဲ့
ထိုင်ခဲ့မိတယ်..။

ကိုယ့်အသားမဟုတ်တဲ့
နီညိုစိုရွှမ်းအသားတုံးကြီးဟာ
လေးထောင့်ကြွေပန်းကန်ပြားပေါ်မှာ
အသုဘကမ္မဌာန်းမရှုတော့ပါဘူး
ခက်ရင်းနဲ့ ထိုး ဓါးနဲ့လှီး
တဖဲ့ချင်းမြည်းလာ
ငါ့အသားမှမဟုတ်တာ ဆိုတဲ့ အတ္တနဲ့
လူပီသနေတဲ့ည..။

ဒီညက ...
တကယ်အေးတယ် ....
ဘ၀ကို အောက်တန်းကျကျ
မမွေးမြူချင်တော့
ဘေး လူမသိတဲ့အလွမ်းတွေနဲ့
အကိုင်အတွယ်တတ်တဲ့ကောင်မလေး လက်ပူတိုက်တိုင်း
ဆွံ့ အတုန့်ဆိုင်းရတဲ့ ဒီပါးစပ်ဆိုးကြီး
အငြိုးအပြည့်သောက်စား နေလိုက်ရတာ
မနက်ဖြန်ဆိုတာ ချာနိုဘိုင်း အိပ်မက်ဆိုးလို
စွန့်ခွာစရာ ကာလဆိုးကြီးလိုလိုနဲ့
နိုရာဂျုံး နဲ့ပြန်ခဲ့တယ်............။

Tuesday, January 8, 2008

တခုသော မနက်ခင်း ၊ အူဝဲ ... အူဝဲ ..... ငိုသံတွေနဲ့အတူ လောကကြီးထဲ ရောက်လာခဲ့တယ် ၊ ဒီနေ့ပေါ့ ။ မှတ်မှတ်ရရ အမေပြောပြတာက တပတ်သားမှာ ဆေးထိုးရတယ်တဲ့ ။ ဆေးရုံမှာ အထူးဆန်းတဲ့ ... မွေကင်းစ ကလေးဆေးထိုးရလို့ ၊ မထိုးလို့ကမရ ...ခွဲခန်းမှာ ခေါင်းကို ညှပ်နဲ့ သူနာပြု ဆရာမက ညှပ်မိသွားလို့တဲ့ ( မွေးကတည်းက ရန်သူကရှိပြီးသား ) ။ ထားပါတော့ အဲဒီကနေစပြီး ဖင်နဲ့ဆေးထိုးအပ်နဲ့ မပြတ်အောင်ပါပဲ။ ဘ၀မှာ တိုက်ဆိုင်မှုတွေနဲ့ မွေးလာတာပါ ။ တခါတရံ ကိုယ်ဘာဖြစ်တော့မယ်ဆိုတာ ကြိုသိနေလိုမျိုး လုပ်ခဲ့ဖူးတဲ့ birthday (၃) ကြိမ်လုံးမှာ တခုခုဖြစ်တာမျိုးပေါ့ ။ ခုတော့ မွေးနေ့ဆို ဘာမှမလုပ်ဘူး မသိချင်ရောင် နေလိုက်တယ် ( ကျွေးရမှာလေ ... ဟဲ ) May-5-2005 ကလည်း ဒဂုံစင်တာအသွား လမ်းမှာ ဘုရားရောက်သွားတာမျိုး ( နို့မို့ဆိုရင် .... ကံစမ်းမဲပေါက်တဲ့ထဲ ပါသွားလောက်တယ် ) ။ ဒါမျိုးတွေပေါ့ဗျာ ။


ဘာလိုလိုနဲ့ ၂၄ ဆိုတဲ့ သက်တန်းတခု ကုန်ဆုံးလာခဲ့ပြီ ၊ ကြွေးဟောင်းဆပ် စရာတွေတပုံတပင်နဲ့ အမေ ...... ၊ ဒီနေ့ အမေ့အတွက် ရည်စူးပြီး အဓိပ်ပါယ်ရှိတာတွေ လုပ်ခဲ့တယ် ။ ခုချိန်မှာ လုပ်ပေးနိုင်တာ ....တခုပဲရှိတယ် ။ အများကြီးလုပ်နိုင်အောင် ကြိုးစားရအုံးမယ် ။ ကွပ်လပ်မရှိအောင် မေတ္တာ ၊ အနစ်နာနဲ့ ဖြည့်ပေးခဲ့တာ ၊ သေချာတယ် ... ကျွန်တော့် ဘ၀မှာ အဲဒီမေတ္တာဆိုတာမရှိခဲ့ရင် အခု ကျွန်တော်ဆိုတာလည်း မရှိတော့ဘူး ။

ဟဲလို ။ ဟုတ်ကဲ့ မီးစက်ကပါလား ၊ ကျွန်တော်တို့မှာ အခုရက်ပိုင်း မီးအတော်ပျက် နေပါတယ် ခင်ဗျ ၊ အဲတာ ....
အော် ...... ဟုတ်ပါတယ် ၊ နွေရာသီဆိုတော့ ရေမရှိလို့ မီးအလုံအလောက် မပေးနိုင်တာပါ ။


ဟဲလို ။ မီးစက်ကပါလား ၊ ကျွန်မတို့ အပိုင်းမှာ အခုတလော မီးအတော် ပျက်နေပါတယ် ၊ အဲတာ ....
အော် ...... ဒါလား ၊ ဟုတ်ပါတယ် ၊ မိုးရာသီ ဆိုတော့ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်တတ်လို့ အန္တရယ်ရှိတာနဲ့ မဟာ ဓါတ်အားလိုင်း တွေကို ခေတ်တ္တ ပိတ်ထားတာပါ ၊ မိုးအလွန် လေငြိမ်သွားရင် ပြန်ပေးမှာပါ ။



ဟဲလို ။ မီးစက်ကလား ၊ အိပ်ချိန်းရုံးကပါ ၊ အိပ်ချိန်းမှာ အခု မီးပျက်နေတယ် ။
အော် ..... ဖုန်းရုံးကလား ၊ နည်းနည်းကျယ်ကျယ် ပြောပါ ၊ ဒီမှာ ဖုန်းလိုင်းတွေက မကောင်းဝူး ဗျ ။

Monday, January 7, 2008

ကျွန်တော်။ ။ ကိုယ့်ကို “အိပ်မက်” တစ်ပွဲပေးကွာ ညီလေး… “မျှော်လင့်ချက်” များများထည့်… “အတိတ်ဆိုး” တွေမထည့်နဲ့… “အနာဂတ်” ရွှဲရွှဲလေးစမ်းကွာ… “ခံစားချက်” ကိုထည့်ရင် ဒီအတိုင်း မထဲ့နဲ့ ကပ်ကြေး လေးနဲ့ ညှပ်ပြီးထည့်… အဲမေ့လို့… မင်းတို့ဆိုင်မှာ ရှိမယ်ဆိုရင်တော့ “ဘ၀” ကို နဲနဲလေး ပါးပါးလှီးပြီးထည့်ကွာ…။ ဘ၀ ဆိုတာက ပါးပါးလှီးထားမှ ကောင်းတာ…အတုံးလိုက် အတစ်လိုက်ဆို သိပ်မကောင်းဖူး လူကို ဒုက္ခ ပေးတတ်တယ်

ကောင်လေး။ ။ ဟုတ်ကဲ့အစ်ကို…အော်…ဒါနဲ့… “မျက်ရည်” ထည့်အုံးမလား အစ်ကို??

ကျွန်တော်။ ။အေး…ရှိရင်တော့ထည့်ကွာ!နဲနဲပေါ့…အိပ်မက်ဆိုတာကမျက်ရည်ပါမှကောင်းတာကွ။

ကောင်လေး။ ။ ဘာသောက်အုံးမလဲ အစ်ကို…. “ဖြစ်ချင်တာလား”… “ဖြစ်သင့်တာလား”…???

ကျွန်တော်။ ။ ကိုယ်ကတော့ “ဖြစ်သင့်တာ” သောက်နေကျကွ… ဒါပေမယ့် ဒီတစ်ခါတော့ အပြောင်းအလဲလေး ဖြစ်အောင် “ဖြစ်ချင်တာ” တစ်ခွက်ပေးကွာ… “နောင်တ”တော့ လျော့ထည့်ကွာ ညီလေး… ငါ့ဘ၀မှာ“ဖြစ်သင့်တာတွေ” ချည်းသောက် နေရတာ ကြာတော့လည်း စိတ်ကုန်လာပြီ....။

ဒီလိုနဲ့ပဲ… ကျွန်တော့်ရဲ့ နံနက်စာကို “မျက်ရည်နဲနဲပါတဲ့ အိပ်မက်တစ်ပွဲ”….“နောင်တနဲနဲ လျော့ထည့်ထားတဲ့ ဖြစ်ချင်တာတစ်ခွက်” နဲ့ ပြီးဆုံးခဲ့ပါတယ်....။ ။