Friday, February 29, 2008

ဒါကိုမဖတ်ပါနဲ့

ဒါကိုမဖတ်ပါနဲ့

တို့ ကြိုပြောထားမယ်နော် ....

ဒါကို မဖတ်ပါနဲ့လို့ .....

မင်း အစက

ကျော်သွားမလို့ပဲ မဟုတ်လား .....

ဘာလို့လာပြီး ဖတ်နေတာလဲ .....

တော်တော့လေဗျာ

ဆက်ဖတ်နေရင်

သက်သက်အချိန်ကုန်တာပဲရှိမယ်

ဒီမှာတင်ရပ်မယ်ဆိုရင်

မင်း အချိန်ကုန်သက်သာမယ် ....

ဘယ်လိုလဲ ........

မတော်သေးဘူးလား .........

အခုဆိုရင်တစ်ဝက်နီးပါးတောင်ရောက်နေပြီ

မင်း ဆက်ဖတ်နေတုန်းပါလား............

တို့သိတယ်နော်..............

မင်းမဖတ်ဘဲ မနေနိုင်တော့ပါဘူး ......

ဘယ်လို.........နေနိုင်တယ် ဟုတ်လား ......

မနေနိုင်ပါဘူးတွေ့လား ..........

မင်း မှန်တယ် ..........

ဒါ ဆက်ဖတ်လို့

ဘာထူးလာမယ်ထင်လဲ. ..............

ဘာမှမထူးပါဘူး .............

နောက်ထပ်နည်းနည်းလေးဘဲ ကျန်တော့တယ် .........

မင်းကိုယ်ကိုယ်ကို

ထိန်းနိုင်တဲ့ စွမ်းအားရှိကြောင်း

ပြတဲ့အနေနဲ့ ရပ်လိုက်စမ်းပါ ....

မရပ်နိုင်ဘူးကြည့်

နောက်ဆုံး စာလုံးအထိရောက်အောင်

အချိန်ကုန်ခံဖတ်ပြီးမှရပ်မှာ

ဟုတ်တယ် မဟုတ်လား .........

စိတ်မကောင်း မဖြစ်ပါနဲ့ဗျာ .............

လူတိုင်း ဒီလိုပါပဲ ...............
ဟဲ ဟဲ ဟဲ ဟုတ်တယ်ဟုတ

Tuesday, February 26, 2008

ကျွန်ုပ်၏ မိဖုရား

တကယ်တော့ ကျွန်တော်ဟာ သူမကို မိဖုရားအဖြစ် ရွေးချယ်ခဲ့တာဖြစ်ပြီး လက်တွေ့ဖြစ်လာသည်မှာတော့ သူမသည် ကျွန်တော်၏ ဘုရင်မဖြစ်ခဲ့ပါသည်။
ကျွန်ုပ်၏ သူမအပေါ် ချစ်မြတ်နိုးစွာ ပိုင်ဆိုင်လိုသော ရယူလိုမှုများသည် သူမအား စိတ်ချမ်းသာစေခြင်း ဟူသော ပေးစပ်မှုများသာ ဖြစ်လာခဲ့သည်။

ကျွန်ုပ်၏ တမ်းတခြင်းများကို သူမစိုးမိုးခဲ့လေပြီ...
ကျွန်ုပ်၏ သတိရခြင်းများကို သူမတစ်ဦးတည်းသာ ပိုင်ဆိုင်ခဲ့လေပြီ...
ကျွန်ုပ်၏ ချစ်မြတ်နိုးတတ်ခြင်းများတို့ကို သူမကသာ သိမ်းပိုက် ရယူခဲ့လေပြီ...
ကျွန်ုပ်၏ အိမ်မက်များတွင် သူမ အမြဲတစေ စိုးမိုးခဲ့လေပြီ...

ဒါပေမယ့် ကောင်မလေးရယ်...
ယောင်္ကျားတစ်ယောက်ရဲ့ လက်ကျန်မာနလေးနဲ့ မင်းရှေ့မှာ ဒူးထောက်ခစားခြင်းကိုတော့ ငါလျစ်လျှုရှုပါရစေကွာ...

ညစောင့်


မထူးဇာတ် ခင်းပြီး ကုန်းကြောင်းပဲ လျှောက်ပြန်လာခဲ့တယ်။ မျက်နှာ မသစ်ရသေးတဲ့ မနက်ခင်းဟာ လင်းလင်းမှောင် နေတယ်။ ငါ့ရှေ့က အသဲကွဲရောင် ထနေတဲ့ မျဉ်းကြားနဲ့၊ ဖြူမိုင်းနေတဲ့ ငါ့ရာဘာဖိနပ်ဟာ လမ်းမနဲ့ မလိုက်ဖက်ဘူး။ ငါးဖယ်တစ်ကောင်ကို အုန်းပင်ပေါ် ပစ်တင်ထားသလိုပဲ။ သောက်ရေးထဲ ဓါတ်မီးက ပြုတ်ကျသေးတယ်။ လူ ခလုတ်တိုက် လဲလို့ နှဖူးကွဲချင်ကွဲ၊ ကိစ္စမရှိဘူး။ ဒီ ဓါတ်မီး ကွဲသွားလို့ကတော့ သုံးရက်စာ ထမင်း မစားနဲ့တော့ဟေ့။

ဟပ်ထိုးဆွဲနေတဲ့ ခွေးဝဲစားကို ပိတ်ကန်လိုက်တော့ ဂိန် တဲ့။ ဘ၀မှာ ဂိန်လို့တောင် မအော်နိုင်ရှာဘဲ ပိတ်ကန် ခံလိုက်ရတဲ့ သူတွေ ဘယ်လောက်များ ရှိခဲ့ကြပြီလဲ။ အကန် ခံထားရသလား မခံထားရလား ကိုယ့်ဟာကိုယ် မသေချာလို့ ကိုယ့်ကျော ကိုယ်ပြန် စမ်းကြည့်တော့ နဲနဲ အောင့်နေသလိုလို ခံစားရပြန်တယ်။ ဆိုရှယ်လစ် ခေတ်မှာ ကလေး ဖြစ်ခဲ့တော့ ဓါတ်တိုင်က မီးသီးကို လောက်လေးနဲ့ ပစ်ခွဲချင်စိတ်က တခါတလေ ပေါ်လာ တတ်သေးတယ်။

မောင်ဝဲစားက ဂိန် ဂိန် ဂိန် ဂိန်နဲ့ ထပ်ကာ ထပ်ကာ အော်နေတော့ နှစ်ထပ်တိုက် အပေါ်ခန်းက မီးပွင့်လာပြီး ပြူတင်းပေါက်ကို လူတစ်ယောက်က တွန်းဖွင့်လိုက်တယ်။ အလင်းနောက်ခံနဲ့ အမှောင်ရိပ်က အိပ်ချင်မူးတူး အသံနဲ့ ခွေးမသားလို့ ဆဲတယ်။ ခွေးကို ခွေးမသားလို့ ပြောတာဟာ ဆဲတာတော့ မဟုတ်လောက်ပါဘူး ထင်ပါတယ်။ လူကို လူမသားလို့ အသိ အမှတ် ပြုမဲ့ လူတွေ မရှိတာကတော့ ရင်နာဖို့ကောင်းတယ်။

အိပ်ကောင်းချင်းနဲ့ အိပ်ပျော်နေတဲ့ သူကို လမ်းပေါ်မှာ အိမ်ကို လမ်းလျှောက် ပြန်နေတဲ့ သူက နှိုးလိုက်မိတာ အပြစ်ရှိလား။ ပဲပြုတ်... တဲ့။ ၀ယ်မစားနိုင် ခဲ့တာတောင် ကြာပြီ။ ပဲပြုတ်သည်ကိုပဲ ချောင်းရိုက်ပြီး ခိုးစားရမလား... ငါ့ အမေခမျာ တော်တော်စားချင်နေ ရှာတယ်။ လူက မပြည့်စုံတော့ ကိုယ်ကျင့်တရားဆိုတာ ဘယ်နားနေမှန်း မသိတော့ဘူး။ အူမ တောင့်မှ သီလစောင့်နိုင်တယ် ဆိုတော့ တစ်ခါက ငါးခြောက်ခိုးစားနေတုန်း သူ့ကို ဓားနဲ့ ပစ်လိုက်လို့ အမှီးပြတ်နေတဲ့ ရွှေတိုးက ညောင်... တဲ့။ သူကတော့ သူတော်ကြောင် ဖြစ်မယ်။

အိပ်ပြန်ရောက်ရင် ထမင်းအိုးထဲမှာ ထမင်းကြမ်းခဲ တစ်ခဲရှိမယ်။ ကြောင်အိမ်လေးထဲမှာ ကြက်သွန်နီ တစ်ဥရှိမယ်။ တခါတရံမှာ ဟိုတယ်ကြီးရဲ့ နောက်ဖေးမှာ အသားတုံးတွေ မကုန်လို့ ပစ်ထားတာတွေကို ပြန်ပြန် မြင်မိတယ်။ သစ်ကိုင်းချောက်က ချွတ်ခနဲ အသံ မြည်တယ်။ ငါ့မျက်စိကို ငါ ပွတ်လိုက်တယ်။ သူတို့ များများစားရဖို့ ငါတို့ လျှော့စားနေ ရတာပါလား။

ကတ္တရာလမ်းက မဆုံးသလို ငါ့ဘ၀လည်း ဘယ်တော့မှ ဆုံးမယ်မသိ...။ လမ်းရှည်တိုင်း ဆက်ဆက်လျှောက်တော့ ဖိနပ်ပါးတယ်။ ငါလည်း ဖိနပ်နဲ့ အတူ ပါးလာခဲ့ပြီ။ တခါက ကောင်လေး တစ်ယောက်ကို မိတယ်။ သူ့ခမျာ စက်ရုံ ၀င်းဒေါင့်က သံချေးတက်နေတဲ့ ပီပါခွံလေးကို လာခိုးတာပါ။ အဲဒါမတိုင်ခင် တစ်ပတ်က သန့်ရှင်းရေး ဦးဝတုတ်ကြီးက မန်နေဂျာ ကို မေးတယ်။ အဲဒီပီပါ မသုံးတော့ဘူးလားဆိုတော့၊ အင်း... မသုံးတော့ဘူး။ အဟောင်း ၀ယ်တဲ့သူလာရင် ရောင်းလိုက်၊ ပြီးရင် ကုမ္ပဏီ ငွေစာရင်းထဲ ထည့်ဖို့ သူ့ဆီ လာပေးလိုက်ပါတဲ့...။

ဟားဟား၊ နေမြင့်လေ အရူးရင့်လေ ဆိုတာ ငါမဟုတ်ဘူး။ ငါက ရေတစ်ခွက် သောက်ရင် ၀ပါတယ်။ အုန်းပင်ပေါ်က ငါးဖယ် တစ်ကောင် လိုပါပဲ။ အဲလောက် ခိုးစားတတ်မှ လောကမှာ တော်ကာ ကျမှာကိုး...။ အဲဒီ ပီပါကို လာခိုးတဲ့ ကောင်လေးကို ငါ လွှတ်ပေးလိုက်ပါတယ်။ နတ်လူ သာဓု မခေါ်ဘူး၊ သူခိုးအားပေး ခေါ်တာပေါ့။ သူခိုးကြီးကို အားမပေးဘဲ သူခိုးလေးကိုသာ အားပေးတဲ့ အတွက် ငါ့ကိုယ်ငါသာ သာဓု နှစ်ခါတိတိ ခေါ်လိုက်ပါတယ်။ နောက်တစ်ခါကို သမိုင်းက ခေါ်ပါလိမ့်မယ်။

ပလက်ဖောင်း လမ်းရဲ့ မြောင်းခင်း ကျောက်ပြားတွေဟာ အပေါက် အပက်တွေ ချည်းပါပဲလား။ လမ်းအလယ် ဆင်းလျှောက်တာဟာ ခြေဗလာဆို အခုချိန် တော်တော် နွေးမယ်။ လောလောဆယ်တော့ ရာဘာ ဖိနပ်ကလေးနဲ့ပေါ့။ တွေးရင်း ငေးရင်းနဲ့ လူဟာ မွဲသွားလိုက် ခြောက်သွားလိုက်နဲ့၊ ဖိနပ်ဟာလည်း ကတ္တရာ မပြည့်တပြည့် လမ်းကို ကတုန်းကတိုက် လုပ်နေတယ်။ လမ်းချိုးရောက်တော့ ကွေ့ တက်လာတဲ့။ ကားသံကို အနားကပ်မှ ကြားမိတယ်။ ထရပ်ကားထင်ပါရဲ့။ ရှေ့မီးတွေက စူးပြီးတော့ လှလိုက်တာ...။ ဒီတစ်ခါမှ အိမ် အစစ်အမှန်ကို ပြန်ရောက်တော့မယ် ထင်မိတယ်။

Tuesday, February 19, 2008

ဖိအားပေးပြုပြင်မှုမျိုးသာမရှိရင် စိန်ဆိုတာ ကျောက်မီးသွေးဘ၀မှာပဲရှိနေလိမ့်မယ်။

Sunday, February 17, 2008

Open MySelf

ပုံပန်းသဏ္ဍာန်..

ရုပ်အဆင်းကတော့ ကိုလွင်မိုးပေါ့.. (ဘယ်သူလည်းကွ ချောင်းအတုဆိုးပြီး သီးသွားတာ)
နဖူးက နောက်ဆယ်နှစ်လောက်ဆို သေချာပေါက် ပညာရှိနဖူး ဖြစ်မဲ့လက္ခဏာရှိတယ်.. (အဟမ်း အဟမ်း.)
မျက်ခုံးက ဖြောင့်ဖြောင့်တန်းတန်း.. (ဆိုင်မှာပြင်ထားတာလားဟင် လို့တောင် မေးတဲ့လူရှိတယ်.. တကယ်.. )
မျက်လုံးက တော့ ညာမပြောဘူး သေချာကြည့်ရင် အမိုက်ဆုံးပဲ.. (စူးစူးစိုက်စိုက်ကြည့်ရင် တော်ယုံကောင်မလေးတွေ ရင်ဆိုင်ပြန်မကြည့်ရဲဘူး.. ဟင်း ဟင်း ဟင်း ဟင်း)
နှခေါင်းက စလိုးဒေါင်း တပ်ထားတယ်.. (တချို့ကပြောတယ် လှပစွာ ကိုင်းညွှတ်နေသတဲ့ ခွီ)
အရပ်က သပ်သပ်ရပ်ရပ် ရှိယုံ မမြင့် မနိမ့် (အဲ.. နည်းနည်းတော့နိမ့် ဟဲ)
အသားအရေကတော့ ချောမွေ့လှပ စိမ်းစိမ်းစိုစို အို.. ရွှေမှုန်တွေစား မွေးထားသလားထင်ရတယ် (အဟတ် အမှန်တိုင်းပြောရတာ ရှက်လိုက်တာ)
ဘော်ဒီကတော့ အမေမွှေးကတည်း က ပိန်ပိန်ပါးပါး လှပြီးသား (ကဲကဲ ဟုတ်ပါတယ် ၀ါးခြမ်းပြားပါ တကထဲ သူများလှတာ မနာလိုတဲ့သူတွေက ရှိသေးတယ်)

စိတ်ဓါတ်လား အင်း.. ကြွပ်ကြွပ်ဆတ်ဆတ်နဲ့ ပျော့ညံ့တယ်.. (အမ် ဘယ်လိုကြီးတုန်း)..
ဟဲဟဲ အပေါ်က ပုံပန်းသဏ္ဍာန် အကြောင်းရေးထားတာ ဖတ်ရင် သိသာပါတယ်..
ကပျက်ကရှော်. ဗရုတ်သုတ်ခ. နောက်တီးနောက်တောက်. စတဲ့ စိတ်ကလေးတွေ ရှိသော်လည်း…
ဟိုးရှေးရှေးတုန်းကရော အခုရော ကမ္ဘာပေါ်မှာ အလွန်တရာ မက အလွန်တထောင် တော်တဲ့သူရှိသတဲ့.. အဲ့ဒါ ငါပဲ လို့ ပြောမဲ့ကောင်မျိုး (ဟယ် အရှက်နည်းတာတော်)..
စကားများများ မပြောဘူး လုံးဝနီးပါးမပြောတာ သိတယ်မလား အဲ့ဒါ ပညာရှိတွေရဲ့ ကြင်အင် လက္ခဏာပေါ့ (မူးမှပြောတာ :P)
မမြဲခြင်းတရားကို အမြဲဆင်ခြင်နေတဲ့လူဆိုတော့ မနက်ဖြန် ငါသေရင်သေမှာ ဆိုပြီး ဒီနေ့ရှိတဲ့ပိုက်ဆံကို မကုန်ကုန်အောင်သုံးတယ်.. အကြွေးသာရမယ် ဆိုလို့ကတော့ ဘာမှအသုံးမလိုတဲ့ ဆင်ကိုတောင် ၀ယ်ပြီး အိမ်အောက်မှာ ကြိုးချည်ထားလိုက်ဦးမယ်. (ဟို ဆင်ဂါဘူ ဘဏ် တတိထား ဘူးထွား ဟား ဟား :P)

ဟဲ ဟဲ စတာပါဗျာ ပေါ့ပေါ့ပါးပါးပဲ ထားခဲ့ချင်လို့ပါ အမှန်တော့ အဲ့ဒီအရေချင်းတွေ အားလုံးဟာ ရှော့ရှော့ပေါ့ပေါ့ ပြောခဲ့မိတယ် ဆိုတာ ၀န်ခံပါတယ် ( ငှဲလျောင်း ငှဲလျောင်း… )
ဟုတ်ကဲ့ အားလုံးကို ကျေးဇူးတင်ပါတယ် (ခေါင်းလေးငုံ့၍ စင်ပေါ်မှ ဆရာကြီး ပုံစံနှင့်ပြောကာ နုတ်ဆက် နောက် ငိုက်စိုက် ငိုက်စိုက်နှင့် ဆင်းသွား)

ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း ရွှီ…. (ပရိတ်သတ်များ၏ လက်ခုပ်သံများ)
အခုတလော ကျွန်တော် သိပ်ကံမကောင်းပါ။ အိမ်နှင့်လည်း အဆင်မပြေပါ။ လောလောဆယ်တွင် ကျွန်တော် ကိုယ်ပိုင်အိမ်လေး တစ်အိမ် လိုချင်မိသည်။ ကောင်းရန် မလိုပါ။ ဇိမ်ခံပစ္စည်းများ မလိုပါ။ ညဘက် အိပ်စက်ရန်နှင့် ခြေခင်းလက်သာ ရှိရန်သာ ဖြစ်သည်။ ဒီနိုင်ငံမှာတော့ ကိုယ့်ဝင်ငွေနဲ့ ကိုယ်ပိုင်အိမ်၊ ကိုယ်ပိုင်ကား ၀ယ်နိုင်တော့မည် မထင်ပေ။ လူဖြစ်လာတာ ကံဆိုးသည်။ ထိုအထဲမှာမှ ဒီခေတ်ကာလကြီးမှာ ဒီနိုင်ငံထဲ လာဖြစ်တာ ပိုဆိုးသေးသည်။ စိတ်ညစ်သည်။ လူ့ဘ၀မှာ မရှိတာထက် မသိတာခက် ဆိုသော စကား အလွန်မှန်သည်။ ကိုယ့်လမ်း ကိုယ်သွားတာ အကောင်းဆုံး ဖြစ်သည်။ ဒါမှမဟုတ် သူများသွားနေသော လမ်းကို လိုက်လျှင်လည်း ရပါသည်။ ဒါပေမယ့် ကိုယ်သယ်လာသည့် ထင်းစည်း သူများကို မတိုက်မိစေဖို့တော့ ဂရုပြုသင့်သည်။ စိတ်ညစ်နေချိန်တွင် ဘယ်အရာမှ ခေါင်းထဲကို မသွင်းနိုင်ပါ။ အဝေးကို ပြေးထွက်သွားချင်သည်။ ဖီးနစ်ငှက်တစ်ကောင်လို မီးထဲမှ ပြန်နိုးထနိုင်ဖို့လည်း စိတ်ဓာတ်ခွန်အား မွေးမြူရဦးမည်။

Friday, February 15, 2008

၁။ ပျမ်းမျှ ဂျပန်နိုင်ငံသူ တစ်ယောက်ရဲ့ သက်တမ်းဟာ ၈၄ နှစ် ရှိနေပေမယ့် ဘော့ဆွာနာနိုင်ငံသား တစ်ယောက်အတွက်တော့ ၃၉ နှစ်က ဘ၀ရဲ့ နိဂုံးအချိန်ပါ။

၂။ အ၀လွန်ရောဂါ ခံစားနေရသူရဲ့ သုံးပုံတစ်ပုံက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေနေကြပါတယ်။

၃။ ကမ္ဘာပေါ်မှာ သေဒဏ်ပေးခဲ့တဲ့ Case တွေရဲ့ ၈၁ ရာခိုင်နှုန်းဟာ တရုတ်၊ အီရန် နဲ့ အမေရိကန်မှာ ဖြစ်ခဲ့ပါတယ်။

၎။ ဗြိတိန်က Supermarket တွေက ဗြိတိန်အစိုးရထက် သူ့တို့ရဲ့ ၀ယ်ယူသူ ဖောက်သည်တွေကို ပိုနားလည်ကြတယ်။

၅။ ဥရောပသမဂ္ဂမှာ နွားတစ်ကောင်အတွက် တစ်ရက်ထောက်ပံ့ငွေဟာ ၂ ဒေါ်လာခွဲပါ။ အဲ့ဒီငွေကြေးပမာဏဟာ ၇၅ ရာခိုင်နှုန်းသော အာဖရိက တိုက်သားတွေ တစ်ရက်သုံးစွဲနိုင်တဲ့ ပမာဏ ထက် ပိုနေပါတယ်။

၆။ နိုင်ငံ ၇၀ ကျော်မှာ လိင်တူ လက်ထပ်မှုဟာ တရားမ၀င်ပါဘူး။ ကိုးနိုင်ငံမှာတော့ ပြစ်ဒဏ်ဟာ သေဒဏ်ပါ။

၇။ လူ ၅ယောက်တိုင်းမှာ ၁ယောက်က ၁ရက်ကို ၁ဒေါ်လာထက်နည်းတဲ့ ငွေကြေးနဲ့ ရှင်သန်နေတယ်။
တယောက်ထဲ ည..

အ၀င်သက်သာစရာ
မလိုပါဘူး..
မူးပြီးရောဆိုတဲ့
အလျော့ပေးမှုနဲ့
လက်ထဲက ဟန်နက်စီခွက်ကို
ပက်ကနဲမော့လိုက်တာ မဟုတ်ဘူး..။

သတ္တ၀ါအားလုံး ရွှင်လန်း
ကျမ်းမာ ချမ်းသာစေချင်တဲ့လူပါ..
ဇိမ်ခံချင်တဲ့သဘာဝဟာ
ဖုန်တက်နေတာကြာခဲ့ပြီ
ဒီဂရီလဲပြင်း အထက်တန်းလဲကျ
မျိုချရတာလဲ
အပျိုရည်ပျက်တဲ့ညလို မဟုတ်တဲ့
ဟန်နက်စီတခွက်နဲ့
ထိုင်ခဲ့မိတယ်..။

ကိုယ့်အသားမဟုတ်တဲ့
နီညိုစိုရွှမ်းအသားတုံးကြီးဟာ
လေးထောင့်ကြွေပန်းကန်ပြားပေါ်မှာ
အသုဘကမ္မဌာန်းမရှုတော့ပါဘူး
ခက်ရင်းနဲ့ ထိုး ဓါးနဲ့လှီး
တဖဲ့ချင်းမြည်းလာ
ငါ့အသားမှမဟုတ်တာ ဆိုတဲ့ အတ္တနဲ့
လူပီသနေတဲ့ည..။

ဒီညက ...
တကယ်အေးတယ် ....
ဘ၀ကို အောက်တန်းကျကျ
မမွေးမြူချင်တော့
ဘေး လူမသိတဲ့အလွမ်းတွေနဲ့
အကိုင်အတွယ်တတ်တဲ့ကောင်မလေး လက်ပူတိုက်တိုင်း
ဆွံ့ အတုန့်ဆိုင်းရတဲ့ ဒီပါးစပ်ဆိုးကြီး
အငြိုးအပြည့်သောက်စား နေလိုက်ရတာ
မနက်ဖြန်ဆိုတာ ချာနိုဘိုင်း အိပ်မက်ဆိုးလို
စွန့်ခွာစရာ ကာလဆိုးကြီးလိုလိုနဲ့
နိုရာဂျုံး နဲ့ပြန်ခဲ့တယ်............။