Wednesday, December 26, 2007
ထပ်လာခြောက်နေပြန်တယ် …
မင်းဘယ်လိုငြင်းငြင်း
မြေနိမ့်ရာကိုပဲ လှံရွေးစိုက်ခဲ့တာ မဟုတ်လား …
မင်းလုပ်လို့ပဲ
ဝေးနေကြရတယ် …
ဒါအဝေးဆုံးမဟုတ်ဘူးဆိုပြီး
ထပ်ဝေးအောင် လုပ်လိုက်ပြန်တယ် …
ခံနိုင်ရည်အစား
ငါ့မျက်စိထဲ မျက်ရည်တွေ
လဲထည့်ပေးလိုက်တာလည်း မင်းပဲ
ပျော်ရွှင်မှုအစား
ငါ့ရင်ထဲ စိုးထိတ်မှုတွေ
ပြောင်းပေးလိုက်တာလည်း မင်းပဲ
ဆည်းလည်းသံအစား
င့ါဘဝထဲ သက်ပြင်းချသံတွေ
အစားထိုးပေးလိုက်တာလည်း မင်းပဲ
မင်းရည်ရွယ်ချက် ဘယ်လောက်ကြီးသလဲ
ငါမသိချင်တော့ဘူး …
ကံကြမ္မာဆိုတဲ့ကောင် …
မင်းကို ချီးထက်ရွံတယ် …
Saturday, December 8, 2007
ABCDEFG
Do u know the meaning of ABCDEFG ????A
Boy
Can
Do
Everything
For
Girl.....
.................
.................
Okay..let take the meaning in reverse GFEDCBA
Girls
Forgot
Everything, the boy had
Done........... and
Catch new
Boyfriend (Maybe "Bull")
Again.......................!
Friday, December 7, 2007
Monday, December 3, 2007
်
လေဆိပ်ရောက်ဖို့ ၁၅ မိနစ်
လေဆိပ်ရောက်ဖို့ ၁၅ မိနစ်လောက် လိုဦးမည်။ သူကတော့ မပင်ပန်းသလိုပင်။ လေယာဉ်ပေါ်တွင်ပေးသော မုန့်လက်ကောက်ကို ထန်းလျက်ရည်နှင့် အားရပါးရတို့ကာ စားနေလေဧ။်။ ကျန်လက်တစ်ဖက်ကလည်း ဒိန်ချဉ်ဘူးကို မလွတ်တန်းကိုင်ထားသေးသည်။ “သူ” ဆိုတာက ဇီဇူး ဟုချစ်စနိုးခေါ်ကြသော ကလေးပေါကြီး ဇီဒန်း ပင်ဖြစ်သည်။ ကျွန်တော်နှင့်သူသည် ဘရစ်တနီစပီးယားဧ။် သီလရှင်ဝတ်ပွဲကျင်းပရာ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့မှ တဆင့် ဒိန်းမတ်သို့လာကြခြင်းဖြစ်သည်။ ဇီဒန်းကတော့ တကယ့်ကို အေးအေးဆေးဆေး။ မာတာရာဇီကို ခေါင်းနှင့်ဝင်ဆောင့်သည့်အကြောင်း မမောမပန်း ထပ်ပြောနေပြန်သည်။ ကျွန်တော်ကသာ ကိုယ့်အပူနှစ်ခုနှင့်ကိုယ်။ တခြားမဟုတ်။ တစ်ခုက ကျွန်တော့် Laptop အိတ်ထဲတွင် ကိုရီးယား ကင်း(မ်)ချီ တစ်ထုပ်ပါလာသည်။ အဲဒီက အရည်တွေကြောင့် Laptop ပျက်စီးသွားမှာစိုးရသည်။ ကျွန်တော်က ကင်း(မ်)ချီတွေ သယ်မလာချင်။ ကိပ်တောင်းလေဆိပ်ရောက်မှ ဘေယောင်ဂျွမ်းက ဆိုက်ကားကြီးနှင့် ရောက်လာပြီး UN အတွင်းရေးမှူးချုပ် ကိုရီးယားသားကြီး ဘန်ကီမွန်းကို ပေးရန် လူကြုံလာပေးသဖြင့် နီးရာအိတ်ထဲထည့်ပြီး သယ်လာခြင်းဖြစ်သည်။ ဘန်ကီမွန်းနှင့် သန်ဘက်ခါတွင် Liverpool တွင်ကျင်းပမည့် ၀င်းသူဇာဆိုင်ခွဲ(၈၃၇၂) ဖွင့်ပွဲတွင်တွေ့ရင်ပေးရမည်။ မတွေ့ပါက UN ရုံးချုပ်ရှိရာ တောင်ကြီးသို့ စာတိုက်ကပင် ပို့ရတော့မည်။ သူလိုလူအတွက်တော့ အချိန်သိပ်မပေးနိုင်တော့။ ဒါကပထမအပူဖြစ်သည်။
*ပုံနှိပ်ထုတ်ဝေခြင်းမပြုရ။
Sunday, December 2, 2007
Monday, October 15, 2007
Tuesday, September 11, 2007
ဒါပဲ
မိုး.......မိုးဘာလို့ရွာ...........ဖားအော်လို့ရွာ......ဖားဘာလို့အော်
မြွှေကိုက်လို့အော်........ မြွေဘာလို့ကိုက်....
အင်း......... ဒါတော့သေချာမသိဘူး
ဗိုက်ဆာလို့လား ........ ကိုက်ချင်လို့လား .....
သူ့တို့နှစ်ယောက်ကစားရင်းမြွေကလက်လွန်သွားလို့လား ?
ဘာကြောင့်မှန်းတော့မသိဘူး.........
မိုးတွေသည်းကြီးမဲကြီးရွာနေတယ်....
မိုးကြီးလွန်းလို့ ဆူညံသံက....
ကိုယ်ပြောတဲ့ကို စကားသံတောင်ကိုယ်ပြန်မကြားရတော့ပါ....
မိုးရွာနေချိန်မှာ...လျှပ်စီးလျှပ်ပြီးမိုးချုန်းသံကိုကြောက်တယ်
မိုးကြီးလို့ ရေကြီးလာတာကိုအမြင်ကပ်တယ်။
မိုးရွာရင်ဘာမှမလုပ်ချင်..ဘယ်မှမသွားချင်ဘူး
ဟော........
တဖြည်းဖြည်းနဲ့ မိုးဆဲလာပြီး.........ကျဲလာပြီး.......
တိတ်သွားပြီး..........ရေတွေလည်းကျသွားပြီး
နေလည်းပြန်ထွက်လာပြီး.....
အမ်း .........
စောစောကသူမဟုတ်တဲ့အတိုင်းပဲ..
အင်းပေါ့ စိတ်ရှိသလိုလုပ်ကြပေါ့
ရွာချင်ရွာ.......မရွာချင်နေ
မိုးရွာရင်...... ဆောင်းဖို့ထီးရှိတယ်..မိုးကာအိင်္ကျီရှိတယ်..
နေပူရင်လည်း......ဆောင်းဖို့ ထီး ၊ ဦးထုပ် ရှိတယ်...
ဒါပဲ။ ။
Monday, September 10, 2007
Thursday, September 6, 2007
အလိုရှိသည်
High Technology ဖြင့် ဖန်တီးထားသော စက်ရုပ်များနည်းတူ အလုပ်လုပ်ပေးနိုင်သော လူသားများအလိုရှိသည်။ အောက်ပါ အရည်အချင်းများ အတိုင်းလုပ်ဆောင်နိုင်ရမည်။(၁) ဒေသစံတော်ချိန် မနက် (၇) နာရီခွဲတွင် ရထားဘူတာ သို့မဟုတ် ကားဂိတ်သို့ အရောက်လာနိုင်ရမည်။ သို့မှသာ (၈) နာရီရုံးရောက်မည်။
(၂) ရုံးရောက်သည်နှင့် စက်ရုပ်များနည်းတူ ခိုင်းတာလုပ်၊ တောင်းတာပေး၊ မေးတာဖြေ၊ စေရာသွားနိုင်ရမည်။ အထွန့်မတက်ရ။
(၃) နေ့လည်တွင် တစ်နာရီ အနားပေးမည်။ ကောင်းသည်၊ ဆိုးသည်မခွဲခြားဘဲ ဈေးပေါရာ၊ နီးစပ်ရာတွင် ကြုံသလို စားနိုင်ရမည်။ တစ်နာရီပြည့်လျှင် ချက်ချင်းရုံးပေါ်ပြန်တက်လာရမည်။ စက်ရုပ်များသည် အချိန်တိကျသည်ကို သတိပြုပါ။
(၄) ညနေ (၅) နာရီထိုးသော်လည်း အလုပ်မပြတ်သေးလျှင် တစ်နာရီခန့် ဆက်လက်ဆောင်ရွက်နိုင်ရမည်။ စက်ရုပ်များသည် ဘယ်သောအခါမှ အချိန်ပိုကြေး မတောင်းပါ။
(၅) သင်ပြန်သောအခါ နောက်တစ်နေ့မနက်တွင် မန်နေဂျာမှ ဆူစရာများနှင့် စောင့်နေသည်ကို သတိပြုပါ။
အဲဒီလို အလုပ်မျိုးတစ်ခုမှာ ကျွန်တော်လုပ်နေတယ်။ မနက် (၈) နာရီ ရုံးရောက်ဖို့ (၆)နာရီလောက်ထ၊ ပြန်ငိုက်၊ ရေချိုးခန်းဝင်၊ အဝတ်လဲ၊ ဘုရားရှိခိုးနဲ့ (၈) သာရုံးရောက်သွားတယ် - မနက်စာဆိုတာ လက်ထဲက ပေါင်မုန့်တစ်လုံးပဲပါလာခဲ့တယ်။ ရုံးရောက်လို့မှ မထိုင်ရသေးဘူး - Night Shift က လွှဲလိုက်တဲ့အလုပ်တွေက စပ်ဖြဲဖြဲနဲ့ ခုံပေါ်မှာ ငုတ်တုတ်ကြီး။ အဲဒါတွေ ရှင်းရင်းနဲ့ပဲ ထမင်းစားချိန် - စက်ရုပ်လိုဆို အားသွင်းချိန် ရောက်ရော။ တစ်နာရီ မကုန်ကုန်အောင် ထမင်းစားလိုက်၊ အနီးအနားလျှောက်လိုက်နဲ့ အနားယူရတယ်။ မယူလို့ မရဘူးလေ။ မနက်ကထဲက Run လာရတာ - ၁ နာရီထိုးနေပြီ။ ပြန်တက်ရင်လည်း ဆက်လုပ်ရဦးမယ်မဟုတ်လား။ တစ်နာရီပြည့်တော့ အလုပ်ထဲပြန်ဝင်၊ ဆက်လုပ်၊ နာရီကို ခဏခဏကြည့်၊ ဒီလိုနဲ့ (၆) နာရီသာသာမှာ Time Card ဖြတ်တဲ့အဆင့်ကို ရောက်ပါတယ်။ ဒါပေမယ့် မနက်ဖြန်ရောက်ရင် ဘယ်အထုပ်ကိုတော့ ရှင်းရဦးမယ် ... ဆိုတဲ့ အသိတွေနဲ့ပြန်လာရတာ။ အခြားဝင်စရာ မရှိလို့ အိမ်ပြန်ရောက်ရင် (၇) နာရီ။ ဘဝတူလေးတွေခေါ်ပြီး နီးစပ်ရာ Food Court မှာ ထမင်းစား၊ အိမ်ပြန် အင်တာနက်ခဏသုံး၊ ပြီးတာနဲ့ အိပ်ရပြန်ရော။ မနက်နိုးလာတော့ .. ထုံးစံအတိုင်း ပြန်စပေါ့ဗျာ။ ဒါက Morning Shift နော်။ Night Shift ဆိုလို့ကတော့ .. မပြောပြရက်ပါဘူး။ ပိတ်ရက်ကလေး တစ်ရက်ရပါတယ်။ လျှော်ရဖွတ်ရ၊ အခန်းရှင်းရ၊ လိုတာထွက်ဝယ်၊ အိမ်ကမှာတာ သွားလုပ်ပေးနဲ့ - မနားရပြန်ဘူး။ တဖြည်းဖြည်းနဲ့ ပျော်စရာခေါင်းပါးလာပြီး စက်ရုပ်နဲ့ တူလာတယ်ဗျာ။ ဒီအချိန်ထ၊ ဒါလုပ်၊ ဒီသွား၊ ပြန်လာ၊ ဒါစား၊ အိပ်၊ ပြန်ထ၊ အာ ..... အဲဒါတွေနဲ့ပဲ လုံးချလည်နေလိုက်တာလေ .... တခါတလေတော့ တွေးနေမိတယ် ... ငါက စက်ရုပ်နဲ့တူတဲ့ လူသားလား၊ လူသားလိုခံစားတတ်တဲ့ စက်ရုပ်လားလို့ ...
Wednesday, September 5, 2007
ကိုကြီးကျော်နဲ့ လက်ထပ်တယ်ဆိုတာ ကြားဖူးလား၊ ကျွန်တော်တော့ အရင်က ကြားရုံတော့ ကြားဖူးတယ်။ ခုတော့ ဖိတ်စာနဲ့ ဘာနဲ့ ဆိုတော့ တော်တော် အံ့သြရတယ်။ ကြုံမှ မကြုံဖူးတာကိုး....။ ဘယ်လိုများ မင်္ဂလာဆောင်ကြသလဲ ဆိုတာ မြင်ချင်မိတယ်။ ကိုကြီးကျော်က ရှိမှ မရှိတော့ပဲ ... ဘယ်လိုများ မင်္ဂလာဆောင်ကြမှာပါလိမ့်၊ ၀ိဥာဉ်နဲ့လား၊ ဒါဆို ဘာမှ မမြင်ရဘူးပေါ့။ သတို့သမီးကရော .. သူ့ကို မြင်ရမှာလား ...။ နာမည်ကိုက စံခမ်းဝင်မင်္ဂလာပွဲ တဲ့.. ကြက်သီးထဖို့ကောင်းတယ် ....။ အယူဝါဒတွေ တစ်ဖက်စွန်းရောက်တာ မလွန်လွန်းဘူးလား ..။ အစွဲအလမ်း၊ အယူသီးတာတွေ တော်တော် ဆိုးတာပဲ။ နတ်တွေဆိုတာ ကိုးကွယ်ရာမဟုတ်ဘူး၊ မေတ္တာပို့အမျှဝေပေးပါလို့ ဆရာတော်ကြီးတွေကလည်း ပြောတာပဲ ...။ ခုဟာက ကိုးကွယ်ရုံတင် မဟုတ်ဘူး၊ လင်ယောင်္ကျားတစ်ယောက် အနေနဲ့ပါ ကိုကြီးကျော်ကို လက်ထပ်သတဲ့ ... ။ အံသြဖို့တော်တော်ကောင်းတယ်။ အဲဒီဖိတ်စာကို တစ်ခါမှ မမြင်ဖူးလို့ သေချာသိမ်းထားတာ...။ ခု မမြင်ဖူးတဲ့သူ မြင်ဖူးအောင်လို့ တင်ပေးလိုက်ပါတယ်။
(၁) P.S
တကယ်လို့များ သူတို့ကားမောင်းစဉ်လေးမှာ ငေးကြည့်နေမယ့်သူ တစ်ယောက်မှမရှိဘူးဆိုရင် မာစီးဒီးကားကို ဘယ်နှစ်ယောက်ကများ ဝယ်စီးပါတော့မလဲ ?
မင်းကိုချစ်တဲ့ ... မေမေ
(၂) P.S
သိပ္ပံပညာမှာရော၊ ဖန်တီးမှုအနုပညာတွေမှာပါ ခမ်းနားကြီးကျယ်သော ပြီးမြောက်အောင်မြင်မှုတွေဟာ ပါဝင်သူ တစ်ဦးချင်းစီရဲ့ ပြုလုပ်ဆောင်ရွက်မှုတွေကြောင့်သာ ပြီးမြောက်ခဲ့တာပါ။ ဘယ်ပန်းခြံမှာမှ ကော်မတီအဖွဲ့အစည်းတစ်ခုခုကို ရည်ညွှန်းပြီး ထုလုပ်ထားတဲ့ ပန်းပုလက်ရာဆိုတာမျိုးမရှိပါဘူး။
မင်းကိုချစ်တဲ့ ... မေမေ
(၃) P.S
ထိုင်နေရင်းနဲ့ အောင်မြင်မှုရသွားခဲ့တဲ့ တစ်ခုတည်းသော သာဓကလေးကတော့ ကြက်မပဲရှိပါတယ်သား။
မင်းကိုချစ်တဲ့ ... မေမေ
(၄) P.S
သတင်းစာတစ်စောင်က Research လုပ်ဖူးတယ်။ ဘယ်သူတွေဟာ အပျော်ဆုံးလူတွေလဲ ဆိုတာကိုပေါ့။ နှစ်သက်စရာ အဖြေလေးခုရခဲ့တယ်လေ။
- တစ်ခုခုကို သေချာကောင်းအောင်လုပ်ပြီးတော့ လေလေးချွန်နေတတ်တဲ့ လက်မှုပညာရှင် ဒါမှမဟုတ် အနုပညာရှင်တစ်ယောက်။
- သဲရဲတိုက်လေးတည်နေတဲ့ ကလေးငယ်တစ်ယောက်
- ကိုယ့်ရင်သွေးငယ်ကို ရေချိုးပေးနေတဲ့ မိခင်တစ်ယောက်
- ခက်ခဲတဲ့ ခွဲစိတ်မှုတစ်ခုပြုလုပ်ပြီး အသက်တစ်ချောင်းကို ကယ်လိုက်တဲ့ ဆရာဝန်တစ်ယောက်
သားသတိပြုမိမှာကတော့ ငွေ၊အာဏာနဲ့ ပိုင်ဆိုင်မှုတို့ဟာ ဒီအဖြေတွေထဲမှာ တစိုးတစိမှ တွေ့မှာမဟုတ်ဘူး ဆိုတာကိုပါ။
မင်းကိုချစ်တဲ့ ... မေမေ
(၅) P.S
St.Louis ကိုသွားတဲ့လမ်းမှာ မေမေအကြိုက်ဆုံး ဘန်ဘာစတစ်ကာစာတမ်းလေးကတော့
“ သင်ဟာတကယ်လို့ မှားယွင်းတဲ့လမ်းကြောင်းကို ဦးတည်မိပြီဆိုရင် ဘုရားသခင်က ဂငယ်ကွေ့ပြန်ကွေ့ဖို့ ခွင့်ပြုပါတယ်” တဲ့။
မင်းကိုချစ်တဲ့ ... မေမေ
(၆)P.S
Margraet နဲ့ မေမေ See Food သွားစားကြတယ်လေ။ မေမေတို့ အစာတွေလျှောက်ကြည့်ပြီး တဝစားပစ်လိုက်ကြတယ်။
မင်းကိုချစ်တဲ့ … မေမေ
(၇)P.S
ထိုင်ပြီး ဆန္ဒပြုနေရုံနဲ့တော့ ဘယ်သူ့ကိုမှ ကြီးမြင့်စေမှာမဟုတ်ဘူး။ ဘုရားသခင်က ငါးတွေကို ဖန်ဆင်းပေးထားပြီးသား။ ဒါပေမယ့် သားက ငါးစာတီကိုတော့ တူးရမှာပေါ့။
မင်းကိုချစ်တဲ့ … မေမေ
(၈)P.S
သားအမြဲတမ်း မှန်ကန်ချင်သလား။ ဒါမှမဟုတ် အမြဲတမ်း ပျော်ရွှင်ချင်သလား။
မင်းကိုချစ်တဲ့ … မေမေ
(၉)P.S
သားရဲ့ထုတ်ဝေသူတွေနဲ့ ချုပ်တဲ့စာချုပ်ကို သတိထားပြီး သေသေချာချာ ဖတ်နော်။ စာလုံးကြီးနဲ့နှိပ်ထားတာတွေက သူတို့ပေးမှာတွေ၊ စာလုံးသေးသေးနဲ့နှိပ်ထားတာတွေက သူတို့ကယူသွားမှာတွေဆိုတာ သတိရနေပါ။
မင်းကိုချစ်တဲ့ … မေမေ
(၁၀)P.S
Julie ရဲ့ အသက် ၄၀ ပြည့်မွေးနေ့မှာ တစ်ယောက်ကဒီစာတန်းလေးရေးထားတဲ့ ကဒ်အကြီးကြီးတစ်ခုပေးခဲ့လေရဲ့။
“ တောင်ကုန်း (အခက်အခဲ) လည်းကျော်ပြီးရော အရှိန်လည်း ပိုရလာတာပေါ့ ”
သားဖေဖေနဲ့ မေမေတို့လည်း တကယ့်ကို မှန်မှန်ကြီးရွေ့နေတာပဲနော် …
မင်းကိုချစ်တဲ့ … မေမေ
(၁၁)P.S
ကံတရားက တံခါးမကြီးကိုပိတ်ထားရင် ပြတင်းပေါက်က ကျော်ဝင်ပေါ့ကွယ်။
မင်းကိုချစ်တဲ့ … မေမေ
(၁၂)P.S
သားရဲ့ဝန်ထမ်းတွေကို ဝေဖန်တော့မယ်ဆိုရင် ဒီအချက်လေးကို စဉ်းစားစေချင်တယ်။ ပထမဆုံး ချီးမွမ်းစကားနဲ့ သူ့ကိုနှစ်သက်ကြောင်းပြောပါ။ ဆံသသမားတောင်မှ သင်တုန်းဓါးနဲ့မရိတ်ခင် ဆပ်ပြာမြှပ်လေးတော့ သုတ်ပေးသေးတာ သတိရလိုက်ပါ။
မင်းကိုချစ်တဲ့ … မေမေ
(၁၃)P.S
သားဖေဖေ ပြောဖူးတယ်။ ငွေကြေးဖောင်းပွမှုဟာ အရာရာကိုတော့ မပျက်စီးစေပါဘူးတဲ့။ ဆယ်ပြားစေ့ကို ဝက်အူလှည့်အပြားလို သုံးလို့ရနိုင်သေးတာပဲတဲ့လေ။
မင်းကိုချစ်တဲ့ … မေမေ
(၁၄)P.S
သူငယ်ချင်းဆိုတာ မင်းရဲ့အကြောင်းအားလုံးကို သိပြီးတဲ့နောက် ဘယ်လိုဖြစ်ဖြစ် မင်းကိုဆက်နှစ်သက်နေသေးတဲ့ သူတစ်ယောက်ပဲ။
မင်းကိုချစ်တဲ့ … မေမေ
(၁၅)P.S
တကယ်လို့များ သားရဲ့အိမ်ထောင်ရေးကို စစ်ဆေးတော့မယ်ဆိုရင် တယ်လီစကုပ်မှန်ပြောင်းကြီးကို ပြောင်းပြန်သာ ပြန်ကြည့်လိုက်ပါသား။
မင်းကိုချစ်တဲ့ … မေမေ
(၁၆)P.S
ကြည့်မလှဘူးဆိုတဲ့ ပြုံးအလှပိုင်ရှင်ကိုဖြင့် မေမေ တခါမှမမြင်မိပါဘူးကွယ်။
မင်းကိုချစ်တဲ့ … မေမေ
(၁၇)P.S
ဒီတပတ်တော့ မေမေ စကားမပြောခင် အရင်စဉ်းစားဖို့ကြိုးစားတယ်။ အပြုသဘောနဲ့ ကြင်ကြင်နာနာ ပြောရင်ပြော၊ ဒါမှမဟုတ်ရင် အရှင်းမပြောဘဲသာ နေလိုက်ဖို့ပေါ့။ ဝန်ကြီးချုပ် ဝန်စတန် ချာချီကပြောဖူးတယ် … “ စကားလုံးဆိုးဆိုးတွေကို မပြောဘဲမြိုချလိုက်ရုံနဲ့ ဘယ်သူမှအစာအိမ် ထိခိုက်မှာ မဟုတ်ပါဘူး ” တဲ့လေ။
မင်းကိုချစ်တဲ့ … မေမေ
(၁၈)P.S
ဘုရားသခင်တည်းသာလျှင် မည်သူ့ကိုမဆို နှိမ့်ချသတ်မှတ်နိုင်တဲ့ နေရာမျိုးမှာ ရှိပါတယ်။
မင်းကိုချစ်တဲ့ … မေမေ
(၁၉)P.S
ပျော်ရွှင်စေရမယ်လို့ ဘယ်သူမှ အာမခံချက်ရမထားပါဘူး။ ဘဝဟာ လူတစ်ဦးချင်းအတွက် အချိန်နဲ့နေရာကိုပဲ ပေးထားတာပါ။ ပျော်ရွှင်မှုတွေနဲ့ ဖြည့်ဖို့ရာ တို့တွေပေါ်မှာပဲ မူတည်ပါတယ်။
မင်းကိုချစ်တဲ့ … မေမေ
(၂၀)P.S
သားရဲ့ကိုးကွယ်ရာဟာ ဘာလဲဆိုရင် ဘုန်းတော်ကြီး တရားမဟောတော့တဲ့ အချိန်မှာ သားဘာလုပ်နေလဲ ဆိုတာပါပဲ။
မင်းကိုချစ်တဲ့ … မေမေ
“ ဒေါက်တာ၊ ကျွန်တော်ဟာ ဗုဒ္ဓဘာသာတစ်ယောက်ပါ။ သေခြင်းတရားကို ရင်ဆိုင်ရဲပါတယ်။ ကျွန်တော် ဒီကင်ဆာရောဂါနဲ့ ဘယ်လောက်ခံမလဲ။ သိပါရစေ ”
အဖြေရှိနေသော ကျွန်တော့်အတွက် စဉ်းစားရမည့် မေးခွန်းမဟုတ်ပါ။ ကျွန်တော်က သူ့ရောဂါကို အထူးကြပ်မတ်ကုသပေးနေသော ဆရာဝန်ပင်ဖြစ်သည်။ ဒီလိုမေးခွန်းများကို ဖြေရင်း သာမန်ဆရာဝန်မှသည် ယခုလို ဆရာဝန်ကြီး ဖြစ်လာခဲ့ပြီ။ အခုလည်း ဒီမေးခွန်း … ကျွန်တော် အတုံ့အဆိုင်းမရှိပင် ဖြေလိုက်သည်။
“ ယေဘုယျအားဖြင့်ဆိုရင်တော့ လူကြီးမင်းလို ကင်ဆာရောဂါသမားများဟာ တစ်နှစ်လောက်ပဲ အသက်ရှင်နိုင်ပါတော့မယ် ”
“ အော်… ကျေးဇူးပါဆရာ ”
သေခြင်းကို ရင်ဆိုင်ရဲသည်ဆိုသော်လည်း ရင်မဆိုင်ရဲသူတစ်ယောက်ပမာ မျက်လုံးများမှိတ်သွားပြီး အနားယူလိုဟန်ဖြင့် ခေါင်းကို တဘက်သို့စောင်းသွားလိုက်သဖြင့် ကျွန်တော်လည်း အခန်းပြင်သို့ထွက်လာခဲ့လိုက်သည်။ အခန်းပြင်တွင် လူနာရှင်မိသားစုနှင့်တွေ့ပြီး လူနာအခြေအနေကို ပြောပြပေးလိုက်သည်။ သို့သော် တချို့သော မိသားစုဝင်များ၏ မျက်နှာတွင် အလိုမကျဟန်များ အထင်းသားပေါ်လွင်နေသည်ကို ကျွန်တော် သတိပြုမိသည်။ သူတို့လူနာအား စိတ်မချမ်းသာစရာ ပြောမိ၍ပင်ဖြစ်မည်ဟု ကျွန်တော်တွေးနေမိသည်။
မှန်ပါသည်။ ကျွန်တော့်အတွေး မှန်ပါသည်။ ညဘက်ရောက်တော့ လူနာ၏ညီနှင့် သမီးဖြစ်သူတို့က ဖုံးဆက်ပြီး လူနာစိတ်သက်သာစေရန် စကားပြင်ပြောပေးဖို့ တောင်းဆိုကြသည်။
“ ဟုတ်ကဲ့။ ဖြစ်ပါတယ်။ ကျွန်တော်ကြည့်ကောင်းအောင် ပြန်ပြောပေးပါ့မယ် ”
အမေးရှိ၍ အဖြေရှိလိုက်ရသော ကျွန်တော့်မှာ တာဝန်မကင်းသလို ဖြစ်နေသဖြင့် ပြန်၍ စကားဖာရမည်ဖြစ်သည်။ သူတို့သုံးသော စကားတစ်လုံးကိုလည်း မှတ်မိနေမိသည်။
“ တောင်းပန်ပါတယ် ဆရာရယ် ” ဗမာလူမျိုးများသည် ထိုသို့ပင်နှိမ့်ချ ပြောတတ်ဟန်တူသည်။
ကျွန်တော် တယ်လီဖုံးချပြီး ကုလားထိုင် နောက်မှီကို အားရပါးရမှီချရင်း မျက်နှာချင်းဆိုင်မှ ကျွန်တော့် နာမည်နှင့် ရာထူးရေးထားသော နှစ်ပေပတ်လည် ဆိုင်းဘုတ်လေးကို ဖတ်နေမိသည်။
“ ဆေးပညာပါရဂူကြီး ဒေါက်တာဂျွန်ကွန်လီ ၊ မျက်နှာနှင့် လည်ပင်းဆိုင်ရာ ကင်ဆာရောဂါအထူးကု၊ ဥက္ကဌ (အမေရိကန်ပြည်ထောင်စု ကင်ဆာရောဂါဆရာဝန်များ အသင်းကြီး) ”
ဒီလို ဆရာဝန်ကြီး ဖြစ်ပါလျက် ကျွန်တော်သည် လူနာကို စကားပြောရာတွင် အလွန်ပင်ညံ့ဖျင်းသေးသည်ဟု တယောက်တည်း တွေးနေမိသည်။ ဒီလူနာ ဆေးရုံစတက်စဉ်ကလည်း စကားမှားခဲ့မိသည်။ စကားမှားသည် ဆိုသည်မှာ အမှန်အတိုင်းတဲ့တိုး ပြောမိခြင်းဖြစ်သည်။ အဲဒီတုန်းကလည်း ဆေးစစ်ချက် အဖြေများဖတ်အပြီးတွင် လူနာ၏ အခြေအနေကို ကျွန်တော်ရိပ်မိပါသည်။ အခြေအနေသည် မကောင်းသောဘက်မှာ များနေခဲ့ပြီ။ လူနာက သူ့အခြေအနေကို ကျွန်တော့်အား မေးသည်။ ကျွန်တော့် အဖြေကား… “ Condition serious, but not hopeless ” ဟူ၍ ဖြစ်သည်။ အရေးကြီးသည့် အခြေအနေ၊ သို့သော် မျှော်လင့်ချက်မရှိဘူးတော့ မဟုတ် ဟူသော သဘောဖြစ်သည်။ ထိုစဉ်ကတည်းက ကျွန်တော်၏ ဒုတိယပိုင်းမှတ်ချက် “မျှော်လင့်ချက်မရှိဘူးတော့ မဟုတ်” ဟူသော စကားစုကို သံတမန်အသိုင်းအဝိုင်းတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သော၊ သွယ်ဝိုက်သောစကားများကို နားလည်ခဲ့သော၊ မျက်နှာရိပ် မျက်နှာကဲ အလွန်ဖမ်းတတ်သော ဤလူနာသည် ကောင်းစွာ သဘောပေါက်နေခဲ့ပါလိမ့်မည်။
ဟုတ်ပါသည်။ ကျွန်တော်၏ လူနာမှာ သာမန်ညောင်ည ငွေတစ်ခုတည်းသာ ချမ်းသာသော လူနာမဟုတ်ပေ။ Mr. United Nation ဟု ခေါင်းဆောင်အသိုင်းအဝိုင်းက ချစ်စနိုးခေါ်ကြသော ရာထူးမှ ပူပူနွေးနွေး အနားယူထားသော ဗမာနိုင်ငံသားကြီး ဦးသန့်ပင်ဖြစ်လေသည်။ တတိယ ကမ္ဘာစစ်ဖြစ်မည့်အရေးနှင့် အခြားသော အရေးအခင်းများစွာကို နယူယောက်ရုံးခန်းအတွင်းမှ တားဆီးကိုင်တွယ်ခဲ့သော ဦးသန့်သည် ယခုတော့ ကင်ဆာရောဂါနှင့် ကုတင်ထက်တွင် လဲလျောင်းနေရပေပြီ။ ကျန်းမာရေးလိုက်စားသော ဦးသန့်၏ အားနည်းချက်မှာ ဆေးပြင်းလိပ် အလွန်ကြိုက်ခြင်းပင်ဖြစ်သည်။ ဆေးပြင်းလိပ်ကို ပါးစောင်မှာခဲပြီး အလုပ်လုပ်နေတတ်သည်။ ထိုအကျိုးဆက်ကို ယခုခံစားရပြီ ဖြစ်သည်။ စကားကောင်းကောင်းမပြောနိုင်၊ အစားအသောက်ကောင်းစွာ မြိုမချနိုင်ဖြစ်ရသည်။
ကျွန်တော် လူနာခန်းထဲဝင်လိုက်တော့ ဦးသန့်နှင့် မိသားစုစကားပြောနေသဖြင့် လူနာစောင့်များ ထိုင်သည့်ခုံတွင် ထိုင်ပြီးစောင့်နေမိသည်။ ကျန်းမာစဉ်က ပေါင် ၁၆၀ ရှိသော ဦးသန့်သည် ယခု ပေါင် ၁၁၀ သာရှိတော့သည်။ သတင်းစာရှင်းလင်းပွဲများ၊ မိန့်ခွန်းပြောပွဲများတွင် ကြည်လင်စူးရှစွာ ကြားရလေ့ရှိသော သူ့အသံများမှာ အခုတော့ ခပ်သြသြကြီး ဖြစ်နေသည်။ ဦးသန့်က အနီးရှိလူများကို မှုန်ရီစွာကြည့်ရင်း တီးတိုးပြောနေသည်။
“ အမေနဲ့ တွေ့ချင်တယ်ကွာ” “တွေ့ရမှာပေါ့လေ” တကိုယ်တည်း နှစ်သိမ့်သလိုပြောနေခြင်းဖြစ်သည်။ သမီးဖြစ်သူမှာ မျက်ရည်များပင် ကျဆင်းနေလေသည်။ ကျွန်တော်လည်း စမ်းသပ်ဖွယ်ရာများ လုပ်ဆောင်ပြီး မနေ့က စကားအတွက် ပြင်ဆင်ဖာထေး ပြောဆိုကာ ထွက်လာခဲ့လေသည်။
ရက်သတ္တပတ် အနည်းငယ်ကို ဖြတ်ကျော်ခဲ့လေပြီ။ ဦးသန့်၏ အခြေအနေကား တက်ရိပ်မပြ။ ဆိုးသထက် ဆိုးလာနေသည်ဟု ကျွန်တော်မှတ်ချက် ချမိသည်။
ထိုနေ့က နိုဝင်ဘာ ၂၅ ရက်နေ့၊ ၁၉၇၄။
ကျွန်တော်လည်း ဦးသန့်မိသားစုနှင့်အတူ လူနာခန်းထဲတွင် ရှိနေခဲ့သည်။ မှိန်းနေသော ဦးသန့်ကို လူနာစောင့်သဘော စောင့်နေကြခြင်းဖြစ်သည်။ ခဏနေတော့ ဦးသန့်လူးလွန့်လာပြီး သမီးဖြစ်သူကို ခေါ်ကာ အချိန်မေးသည်။
“ ဘယ်အချိန် ရှိပြီလဲ သမီး ”
“ တစ်နာရီထိုးပါပြီ ဖေဖေ ”
“ နေ့လည်လား ၊ ညလား သမီး ”
“ နေ့လည် တစ်နာရီပါ ”
“ အော်… တစ်နာရီတောင် ရှိပြီကို ”
အသက်ပြင်းပြင်းရှူရင်း ဦးသန့် မျက်လုံးပြန်မှိတ်သွားသည်။ သမီးဖြစ်သူလည်း ကျွန်တော်တို့အနား လာထိုင်ရင်း ထွေရာလေးပါးပြောနေကြသည်။ ဦးသန့်၏ ဇနီးဖြစ်သူ ဒေါ်သိန်းတင်ကတော့ ဗုဒ္ဓဘာသာတရားတော်များကို ရွတ်ဖတ်နေလေသည်။ ကော်ဖီ တစ်ခွက် သောက်ပြီးချိန်တွင် ဦးသန့် ကုတင်ကိုလှမ်းကြည့်မိတော့ ကျွန်တော့်မျက်လုံးတွေ ပြာဝေသွားသည်။ ဦးသန့်နှင့် ချိတ်ဆက်ထားသော နှလုံးခုန်နှုန်းပြ ကိရိယာတွင် မျဉ်းဖြောင့်များသာ တွေ့ရတော့သည်။ ကျွန်တော် ချက်ချင်းထလာပြီး နှလုံးခုန်နှုန်းတိုင်းကြည့်တော့ … သေချာခဲ့ပြီ … ပြည်သူချစ်သော ဦးသန့်သည် ကျွန်တော်တို့အားလုံးကို ထားရစ်ခဲ့လေပြီ … ပိတ်ထားသော မျက်လုံးတို့သည် ဘယ်သောအခါမှ ပြန်ပွင့်လာတော့မည် မဟုတ်တော့ပေ။ သည်းထန်စွာ ငိုကြွေးနေကြသော မိသားစုကို ထားခဲ့ပြီး ကျွန်တော် အခန်းပြင်ထွက်လာခဲ့တော့ များလှစွာသော သတင်းထောက်များ၊ သံရုံးဝန်ထမ်းများ ၊ အစိုးရကိုယ်စားလှယ်များ၊ ကုလသမဂ္ဂကိုယ်စားလှယ်များ ကို အခန်းဝတွင် တွေ့ရသည်။ သူတို့ မေးခွန်းက တစ်ခုတည်းပင်။
“ ဦးသန့် ဘယ်လိုနေသေးလဲ ၊ ဦးသန့် နောက်ဆုံးအခြေအနေလေး သိပါရစေ ”
“ ဦးသန့် ကျွန်တော်တို့အားလုံးကို ထားရစ်ခဲ့ပါပြီဗျာ ”
----------------------------------------------------------------------------------------
ဦးသန့်ကို ကုသပေးခဲ့သော ဆရာဝန်ကြီး ဂျွန်ကွန်လီ အဖြစ်ခံစားရေးသားထားခြင်း ဖြစ်ပါသည်။ ဤဆောင်းပါးသည် ဦးသန့် အပါအဝင် မည်သူတဦးတယောက်ကိုမှ ထိပါးလိုခြင်း၊ နှိမ့်ချလိုခြင်း၊ စော်ကားလိုခြင်းများမရှိဘဲ တတ်ကျွမ်းသလို ရေးသားထားခြင်းဖြစ်ပါသဖြင့် အမှားပါပါကလည်း ခွင့်လွှတ်ပေးပါရန် ပန်ကြားအပ်ပါသည်။
Ref : ကမ္ဘာငြိမ်းချမ်းရေးဗိသုကာ ဦးသန့် (တက္ကသိုလ် စိန်တင်) ၊ အင်တာနက်။
Friday, August 17, 2007
အချစ်ဟု အဓိပ္ပါယ် သက်ရောက်ခြင်း မရှိစေရ။
မင်းလူ
လောလောဆယ် အခြေအနေမှာတော့ ဘတ်စကားတွေ ရှားကုန်တယ်။ ၁၀၇ကားကို စီးတော့ အရင် တစ်ယောက် ၁၀၀ပေးနေရတာကနေ တစ်ယောက်ကို ၂၀၀ ပေးစီးရတယ်။ ညနေပြန်ရင်ကော ဘယ်လောက်တောင် တောင်းဦးမလဲ မသိဘူး။ ပိုက်ဆံတောင်းတာထက် ကားမရှိမှာပဲ စိုးရိမ်ရတယ်။ ကားမရှိရင် တက္ကစီငှားဖို့ကလဲ ဓါတ်ဆီခတွေက ဈေးတက်တော့ ဈေးပိုတောင်းကြမယ်ထင်တယ်။
လှည်းတန်းမှတ်တိုင်မှာ ကျောင်းထဲဝင်တဲ့ ၅၁အစိမ်းကို ခဏစောင့်ရပြီး ကားလဲလာတော့ ၀မ်းသားအားရနဲ့ လူတွေပြေးတက်ကြတယ်။ ဘတ်စကားပေါ်မှာလဲ ကြပ်သိပ်နေတာပဲ။ ၅၁ကတော့ ဈေးပို မတောင်းပါဘူး။ ဒါပေမယ့် ၅၁လိုင်းတွေထဲမှာ ထောက်ကြန့်ဆိုလို့ ဒီတစ်စီးပဲ ပြေးတယ်လို့ပြောတယ်။ တခြားနေရာတွေကို သွားတဲ့၅၁တွေကလဲ တစ်စီး၊ နှစ်စီးလောက်ပဲ ပြေးတယ်တဲ့။ စပယ်ယာပြောပြမှာပဲ ဈေးတွေ ဘယ်လောက်တက်ကုန်လဲဆိုတာ သိရတယ်။ သူပြောတာက အရင်က စီအန်ဂျီကို ၅၀ပဲပေးရတယ်။ အခုတော့ ၂၅၀အထိ ဈေးတက်သွားတော့ တစ်စီးလုံးအတွက် ဖြည့်မယ်ဆိုရင် နှစ်သောင်းလောက်ကြမယ်တဲ့။ အဲဒီ့မှာ ရမယ့်ပိုက်ဆံနဲ့ မကိုက်ကြတော့ ဘက်စကားလိုင်းတွေက တစ်လိုင်းကို တစ်စီး၊ နှစ်စီးပဲ ပြေးကြတယ်တဲ့။ ဒီနေ့တောင် ကံကောင်းလို့ ၅၁စီးရတာ လို့ မှတ်ကြတဲ့။
ဟိုးအရင်တုန်းက ဓါတ်ဆီတွေ ဈေးတက်ကြတော့ စီအန်ဂျီက ဈေးသက်သာတယ်ဆိုပြီး ဘတ်စကားတွေအကုန်လုံး စီအန်ဂျီလိုက်ပြောင်းရတယ်။ အဲဒီ့တုန်းကလဲ ဘတ်စကားခတွေ တက်သွားခဲ့တယ်။ အခုတော့ စီအန်ဂျီက ငါးဆတက်မှတော့ ဘက်စကားခတွေလဲ ထပ်တက်ဖို့ပဲရှိတယ်။
ဒီညနေတော့ ရုံးကနေ စောစောပြန်ရမယ်။Thursday, August 16, 2007
Tuesday, August 14, 2007
I am Myanmar!
တစ်ခါက ဂျပန်သုတေသီတွေ မြေကြီးတူးပြီးရှာဖွေကြည့်ကြသတဲ့။ ပေ ၁၀၀၀ တူးမိတဲ့အခါမှာ မြေကြီးထဲက ကြေးနီ Network ကြိုးတွေ၊ ဖုန်းကြိုးတွေတူးမိကြတယ်။ ဒီတော့ ဂျပန်တွေက ဂုဏ်ယူပြီးပြောကြတယ်။ “ ဂျပန်တွေဟာ လွန်ခဲ့တဲ့နှစ် ၁၀၀၀ ကတည်းက Networking & Telecommunication ကို နားလည်နေကြပြီ” တဲ့။
အမေရိကန်တွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၂၀၀၀ လောက်တူးမိတော့ Fiber Optic ကြိုးတွေ တူးမိကြတယ်။ ဒီတော့ အမေရိကန်တွေက “ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက ယန်းကီးတွေဟာ Fiber Optic ကြိုးတွေ သုံးတတ်၊ တီထွင်တတ်နေကြပြီ ” ဆိုပြီး ဂုဏ်ဖေါ်ကြတယ်။
မရှေးမနှောင်းမှာပဲ မြန်မာပြည်က ဆရာကြီးတွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၅၀၀၀ သာရောက်ရော ... ဘာမှမတွေ့ဘူး။ ဒါပေမယ့် နောက်တစ်နေ့ထုတ် သတင်းစာတွေမှာ စာလုံးမည်းကြီးတွေနဲ့ ပါလာတယ်။
“ မြန်မာတွေ လွန်ခဲ့သော နှစ် ၅၀၀၀ က Wireless Technology ကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြကြောင်း ” ဆိုပဲ။
မြန်မာဆိုပြီး လက်မထောင်နိုင်ကြပါစေ။
Monday, August 13, 2007
In My Dream!
“ စိတ်မဝင်စားဘူးလို့ပြောတာပါ ဒယ်ဒီ”
“ မရဘူးသမီး။ ဒီခေတ်ကြီးမှာ မင်းဗမာစာ၊ ဗမာစကားမတတ်လို့မရဘူး”
“ ဒါဆိုလည်း နောက်မှတတ်မယ် ဒယ်ဒီ။ အခုသမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုအတန်းတွေ တတ်ရဦးမယ်”
“ အဲဒါခက်တာပဲ။ ဘာကအရေးကြီးလဲဆိုတာ မင်းတို့ကလေးတွေ မခွဲနိုင်ဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာ မင်းသွားချင်တဲ့ဆီသွားလို့ရပြီ၊ မင်းလုပ်ချင်တဲ့အလုပ် လုပ်လို့ရပြီကွ ”
“ အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ဦးမလား ဒယ်ဒီရာ ”
“ ဝင်ပြီလား သမီး။ ကဲ… မင်းဗမာစာ၊ ဗမာစကားတတ်ပြီ ဆိုပါတော့။ ပထမဆုံး မင်းရန်ကုန်က မာစတာတန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်းစာခန့်တွေ ဖတ်လို့ရမယ်… ပြီးတော့ … ”
“ ရှိတ်စပီးယားထက်ပဲ ကောင်းဦးမလား။ ဒါထက် ဂျာမန်လူမျိုး အဖေက ဒီလိုပြောတာကို အံ့သြမိပါရဲ့။”
“ ဘာကွ … အေး … ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလိုအချိန်မှာတော့ မင်းဗမာစာမတတ်ရင် ဘာဖြစ်မယ်ထင်လဲ ”
“ သိပ်တော့မထူးပါဘူး ”
“ ဟာ… သိပ်ထူးတာပေါ့ သမီးရယ်။ ကဲ … ဒယ်ဒီပြောမယ် … နားထောင်။ ဗမာစာ မတတ်ရင် နောက်နှစ်ဆန်းမှာ ထွက်လာမယ့် Microsoft ရဲ့ Window Popa (ဝင်းဒိုးပုပ္ပါး) ကို မင်းဘယ်လိုသုံးမလဲ။ ထားပါတော့ မင်းက Open Source လို့။ Linux ရဲ့ “ ဟင်္သာရောင် အပိုင်း (၆) ” (Hintha Shine Core 6)ကိုရော ဘယ်လိုကိုင်တွယ်မလဲ။ အလုပ်လုပ်လို့မကောင်းတော့တဲ့ Window Vista နဲ့ နေခဲ့ချင်ရင်တော့ မင်း အမေရိက ကိုသွား။ ခေတ်ရှေ့ပြေးနေတဲ့ အရှေ့တောင်အာရှကို တော့ မလာလေနဲ့။ နောက်ပြီး Cell Phone နဲ့ မြေပုံစနစ် တွေမှာဆိုရင် မင်းဗမာစာမတတ်တာနဲ့ သုံးရခက်ပြီ ”
“ ဘာဆိုင်လဲ ဒယ်ဒီရာ ”
“ ဆိုင်တာပေါ့ … On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ (ဆသရ) အမျိုးအစားဖုံးတွေကို မင်းဘယ်လို အသုံးချမလဲ။ မြေပုံက စာတန်းတွေကလည်း ဗမာလိုလေ ”
“ Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လို သုံးပါသေးတယ် ”
“ ဒယ်ဒီသိပြီ။ ငါ့သမီးက ဝိဇ္ဇာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပျက်နေတာကို။ မင်းပြောတဲ့ တံဆိပ်တွေက နည်းပညာပိုင်းမှာ ဆသရ ကိုမမှီတော့ဘူးကွ။ စစ်ကိုင်းမှာ လုပ်သွားတဲ့ ဆသရ အရောင်းမြှင့်တင်ရေးပွဲကို MRTV ၂၃ က တိုက်ရိုက်လွှင့်လို့ ဖေဖေကြည့်လိုက်ရတယ်။ သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုံးတွေပဲ သမီး။ Nokia ဆိုတာ ကလေးကစားတာပါကွာ။ ကဲ … ဒီတော့ သမီး ဗမာစာ သင်တန်းသွားတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီ ဗမာပြည်သွားရင်လိုက်ခဲ့တော့။ ဟုတ်ပြီလား ”
“ ဗမာပြည်ဝင်ခွင့် ဗီဇာက ထင်သလောက်မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ”
“ ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကို သွားမယ်။ ဗမာပြည်လုပ် “မိုးယံဆင်” ငါးထပ်လူစီးလေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး၊ ပြီးတော့ အတောင်ပံတွေကိုလည်း ခေါက်သိမ်းနိုင်သတဲ့။ သမီးပါရင်တော့ ရန်ကုန် မြကျွန်းသာပန်းခြံထဲက ရေအောက်ပြခန်းမှာလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ဝင်ကြည့်မလားလို့လေ”
“စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ။ ဒါနဲ့အစားအသောက်က အဆင်ပြေပါ့မလား ဒယ်ဒီ”
“ဟားး ဟားးးး … ငါ့သမီးလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ်။ ဒီမှာသမီး … ဗမာပြည်မှာ မရတာမရှိဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့ ၂၀၀၄ ခုနှစ်စတိုင် ဒူးရင်းသီးလား။ သယ်ယူရလွယ်ကူတဲ့ လေးထောင့်ပုံ ကြက်ဆင်ဥလား။ လေဆာနဲ့ အရိုးတွေကို ချေပြီး တကောင်လုံးဝါးလို့ရအောင်လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပသားတွေ အတွက်သီးသန့်လုပ်ထားတဲ့ အဖြူရောင်ပုန်းရည်ကြီးလား။ ဒါမှမဟုတ် …”
“တော်ပါပြီ ဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ။ သွားရေးလာရေးနဲ့ ဆက်သွယ်ရေးက…”
“သမီး … သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ။ ဗမာပြည်သွားမယ်ဆို ဒါတွေကိုထည့်စဉ်းစားဖို့ကို မလိုဘူးလေ။ လေယာဉ်ပေါ်က ဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ထည့်ထားတဲ့ လေရှူဘူးတွေပေးမယ်။ နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့ မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့ သမီးမပူရတော့ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးလာတဲ့ကားတံခါးကို လာကပ်မယ့် Tube တွေရှိတယ်။ အဲဒီအပေါ် ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားပြီး သမီးကို Reception ကို ပို့ပေးလိမ့်မယ်။ အဲဒီမှာ ဘာသာစကား အနည်းဆုံး ၅၉၀ လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ်။ နောက်ဘာတဲ့… ဆက်သွယ်ရေးဟုတ်လား… ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့ အင်တာနက်ကွန်နက်ရှင်ရပြီ။ GSM တွေသယ်လာရင် ပြောလို့ရပြီ။ အဲ… ကိုယ့်ဖုံးကို ယူလာဖို့မေ့လာရင်လည်း မပူပါနဲ့။ လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို GSM တွေ လိုက်ဝေနေတဲ့ ချာတိတ်တွေ ရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ ၂ ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။ အများစုကတော့ “ဆသရ” လို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ် တွေပေါ့လေ”
“အော်..ကောင်းလိုက်တာနော်။ ဒါနဲ့ အစိုးရနဲ့ နိုင်ငံရေးကရော…”
“အစိုးရ.. အစိုးရ … ဒီအစိုးရကတော့ကွာ … ဖေဖေပြောမယ် … ဒီလိုရှိတယ် …”
ထိုစဉ် … “ဆိုက်ကားအားလား ” ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်း လန့်နိုးသွားကာ ခရီးသည်ကို လိုရာသို့ တင်ဆောင်လိုက်ပို့လေတော့သတည်း။